နေပြည်တော် နိုဝင်ဘာ ၂၃
TNLA အဖွဲ့နှင့် ပူးပေါင်းအကြမ်းဖက်သမားများ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားစခန်းဝန်းထဲသို့ ယနေ့နံနက်ပိုင်းတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါယာဉ်ရပ်နားစခန်းရှိ ကုန်တင်ကားအချို့မီးလောင်ခဲ့မှုအား တပ်မတော်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်များတွင် သတင်းတုသတင်းမှားများ ဖြန့်ဝေအဆိပ်ခတ်လျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ယနေ့နံနက်ပိုင်းတွင် တပ်မတော်အနေဖြင့် မူဆယ်မြို့ဝန်းကျင်တွင် လက်နက်ကြီးပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်းလုံးဝမရှိကြောင်းနှင့် TNLA အဖွဲ့နှင့် ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများက ကုန်စည်စီးဆင်းမှုရပ်တန့်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊ ပညာရေးကျောင်းများ၊ သာသနိကအဆောက်အဦများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခြင်းသာဖြစ်ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားစခန်းဝန်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး ကုန်တင်ကားများ မီးလောင်သွားသည်သာဖြစ်ပြီး ပြည်သူလူထုမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားအောင် တပ်မတော်မှပစ်ခတ်သည်ဟု လုပ်ကြံဇာတ်လမ်းဆင်ပြီး တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်များတွင် သတင်းတုသတင်းမှား ဖြန့်ဝေအဆိပ်ခတ်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
