နေပြည်တော် နိုဝင်ဘာ ၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သီရိရတနာမူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်နှင့် ဆရာမများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ်ပြည်ထောင်စုဝန်ကြီးက မူကြိုဆရာဖြစ်သင်တန်းတွင် သင်ကြားခဲ့ရသော ကလေးစိတ်ပညာနှင့် အခြေခံလိုအပ်ချက်၊ ဘက်စုံဖွံ့ဖြိုးမှုအတွက် ပံပိုးပေးသောပတ်ဝန်းကျင်၊ ကလေးများ၏ကာယ လှုပ်ရှားမှုနှင့် သိမှုဖွံ့ဖြိုးမှု၊ ကျန်းမာရေးနှင့် အာဟာရအရေးကြီးပုံ၊ ဘာသာစကားဖွံ့ဖြိုးမှု၊ ကစားခြင်းအရေးကြီးပုံ၊ မသန်စွမ်းကလေးများအကြောင်း၊ သင်ထောက်ကူပစ္စည်းများပြုလုပ်ခြင်း၊ မိဘရပ်ရွာ အသိပညာပေးခြင်းနှင့် ကလေးများသိသင့်သည့် အကြောင်းအရာများကို ပုံပြင်၊ သီချင်းများဖြင့် သင်ကြားပေးခြင်းများကို စေတနာထား၍ စနစ်တကျ ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။
ထို့နောက် ကလေးများ မူကြိုပညာရေးသင်ကြားနေမှု၊ ကျွေးမွေးစောင့်ရှောက်မှု၊ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကလေးများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ မုန့်များပေးဝေသည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်လူမှုဝန်ထမ်းဦးစီးမှူးရုံးသို့သွားရောက်ပြီး ဝန်ထမ်းများနေထိုင်မှု၊ တာဝန်ထမ်းဆောင်နေမှု အခြေအနေများကို ကြည့်ရှုကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန နေပြည်တော်ကောင်စီနယ်မြေ ဦးစီးမှူးရုံးနှင့် သိုလောင်ရုံသို့ ရောက်ရှိစစ်ဆေးပြီး ကယ်ဆယ်ရေးပစ္စည်းများကို ပိုးမွှားတိရစ္ဆာန်များ၏ဖျက်ဆီးမှု၊ မီးဘေးအန္တရာယ်အပါအဝင် အခြားမလိုလားအပ်သော ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး သတိပြုထိန်းသိမ်းဆောင်ရွက်ကြရန်၊ ရုံးနှင့် သိုလှောင်ရုံအတွင်း/အပြင် သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ သက်တမ်းမကုန်မီ အကျိုးရှိစွာအသုံးပြုနိုင်ရေး အမြဲစစ်ဆေး မှတ်တမ်းပြုစုထားရှိရန်တို့ကို မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်