နေပြည်တော် နိုဝင်ဘာ ၂၂
ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့် အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ချောင်းသာမြို့ တိုက်နယ်ပြည်သူ့ ဆေးရုံ၌အခြေပြု၍ ချောင်းသာမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၇၂ ဦး အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၁၈၆ ဦး၊ ခွဲစိတ်ရောဂါ ၂၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၃၃ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၃၇ ဦး၊ မျက်စိရောဂါ ၁၂၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၁ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ကိုးဦး၊ မျက်စိခွဲစိတ်လူနာ ခြောက်ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၄၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၂ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ လေးဦးတို့ကိုနီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
အလားတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု)တို့နှင့်အတူ လိုက်ပါလာ သည့်တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ရှိ ရဟန္တာဦး သီလဓာတ်တော်စေတီ ဝင်းအတွင်းရှိ ဦးသီလသာသနာ့ ဗိမာန်၌ အခြေပြု၍ ဇလွန်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၀၀၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၃၈၆ ဦး၊ ခွဲစိတ်ရောဂါ ၁၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၅ ဦး၊ ကလေး ရောဂါ ၃၆ ဦး၊ အရိုးရောဂါ ၂၁၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၇ ဦး၊ မျက်စိရောဂါ ၁၂၅ ဦးနှင့် သွားရောဂါ ၁၄၁ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ကိုးဦး၊ မျက်စိခွဲစိတ်လူနာ ခြောက်ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၇ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၄၀၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူနှစ်ဦးကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါသည် -
ဦးထွန်းထွန်းလင်း
မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဇလွန်မြို့
အခုလာရောက်ကုသတဲ့ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့နဲ့ပတ်သက်ပြီး အားလုံးအဆင်ပြေပြေ ဆေးကုသနိုင်ဖို့၊ ဆေးကုသမယ့် လူနာတွေ အချိန်မီရောက်ရှိကုသနိုင်ဖို့၊ အဆင်ပြေပြေ ကုသနိုင်ဖို့နဲ့ လာရောက်ကုသတဲ့ လူနာတွေအတွက် အုပ်ချုပ်ထောက်ပံ့ကိစ္စတွေဖြစ်တဲ့ ထမင်းထုပ်တွေ ကျွေးမွေးနိုင်ဖို့၊ ရေ၊ မုန့်စတာတွေ အဆင်ပြေဖို့နဲ့ နောက်တစ်ခုက ဆေးကုသတဲ့ အဖွဲ့တွေလည်း နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက် ရေးအဆင်ပြေနိုင်အောင် ကျွန်တော်တို့က ကြိုတင်စီမံဆောင်ရွက်ရတဲ့အပိုင်းတွေကို တာဝန်ယူ ဆောင်ရွက်ရပါတယ်။ အခု နယ်လှည့်ဆေးကုသရေးအဖွဲ့ ရွှေပုစွန်ရေယာဉ်ကြီးက ကျွန်တော် တို့မြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့ကနေ စတင်ပြီးကုသပေးမယ် ဆိုပြီး သိရတဲ့အချိန်ကစပြီး ကျွန်တော်တို့ ဇလွန်မြို့နယ်မှာရှိနေတဲ့ ပြည်သူတွေရဲ့ကိုယ်စား ကိုယ့်ဒေသကို လာရောက်ကုသမယ့်အဖွဲ့တွေကို နွေးထွေးစွာကြိုဆိုဖို့ အစကတည်းက ကျွန်တော်တို့မှာ စိတ်ကူးရှိပြီးသားဖြစ်ပါတယ်။ အခုလိုအချိန်မှာ လာရောက်ကုသတဲ့ အခြေအနေမှာလည်း ကျွန်တော်တို့ ဒေသအတွင်းမှာရှိတဲ့ ပြည်သူတွေဖြစ်ကြတဲ့ လူနာတော်တော်များများကလည်း ဝမ်းသာအားရနဲ့ ဒီကိုလာရောက်ပြီး ကုသနေတာတွေကို မြင်တွေ့ရတဲ့အတွက် မြို့နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ကိုယ်စား အင်မတန်မှ ဝမ်းသာပြီး အထူးကျေးဇူးတင်ရှိကြောင်း ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစောပိုင်းက ကျွန်တော်တို့ဆီမှာ ဆေးကုသဖို့ သတ်မှတ်ပေးထားတဲ့ ရက်က နိုဝင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက် ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆေးကုသရေးအဖွဲ့မှာပါတဲ့ ဆရာဝန်ကြီးတွေရဲ့စေတနာနဲ့ ကျွန်တော်တို့ မြို့နယ်ကိုနောက်ထပ်တစ်ရက် တိုးပြီး နိုဝင်ဘာ ၂၃ ရက်အထိ သုံးရက်တိုင်တိုင် ကုသပေးမယ်ဆိုတဲ့ သတင်းကြားရတဲ့အတွက် ဒေသအတွင်းမှာရှိတဲ့ လူနာတွေအတွက် ပိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ဒီနယ်လှည့် ဆေးကုသရေးအဖွဲ့က တာဝန်ရှိသူအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။
ဒေါ်နုနုလွင်၊ ချောင်းသာ(၁)
ရပ်ကွက်၊ ချောင်းသာမြို့
တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က ချောင်းသာကို လာပြီး အခမဲ့ဆေးကုသပေးတယ် ဆိုလို့ ကျွန်မရဲ့မျက်စိရောဂါကို လာပြတာပါ။ ကျွန်မရဲ့မျက်စိက လွန်ခဲ့တဲ့ခြောက်နှစ်ကတည်းက ခွဲစိတ်ရမှာပါ။ ကျွန်မမှာ ငွေရေးကြေးရေးအဆင်မပြေလို့ မခွဲစိတ်နိုင်တဲ့အတွက် တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့က အခမဲ့ခွဲစိတ်ပေးမယ်ဆိုလို့ လာရောက်ပြသတာပါ။ မျက်စိ တစ်ဖက်မမြင်ရတော့ လမ်းသွားရတာလည်း အဆင်မပြေဘူး။ ဆိုင်ကယ်တွေဘာတွေနဲ့သွားရင် လည်း အန္တရာယ်ရှိပါတယ်။ အဲဒါကြောင့် မျက်စိအလင်း ပြန်မြင်ချင်ပါတယ်။ ကိုယ့်မှာလည်း ငွေရေး ကြေးရေးမတတ်နိုင်တော့ အခုလိုလာပြီး အခမဲ့ခွဲစိတ်ကုသပေးတာ အလွန်ဝမ်းသာပါတယ်။ ရောဂါ ဝေဒနာတွေကို လာရောက်ကုသတဲ့ လူတွေအားလုံးရဲ့ကိုယ်စား အခုလို လာရောက်ကုသပေးတဲ့တပ်မတော်သား ဆေးကုသတဲ့ဆရာဝန်ကြီးတွေကိုလည်း အလွန်ကျေးဇူးတင်ပါတယ်။ ကိုယ့်မျက်စိပြန်ပြီးမြင်ရမယ်ဆိုတော့ အတိုင်းထက်အလွန်ဝမ်းသာပါတယ်။ ဆရာဝန်ကြီးတွေ၊ တပ်မတော်သားတွေ အားလုံးကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အန္တရာယ်ကင်းပါစေ၊ ဘေးရှင်းပါစေ၊ လိုရာဆန္ဒတွေ ပြည့်ဝပါစေ။ အခုလို ကျွန်မတို့ဆေးကုသနိုင်အောင်စီစဉ်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တာဝန်ရှိသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။