Skip to main content

နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် ပြည်ပဖိတ်ခေါ်ပြိုင်ပွဲများသို့ မြန်မာအားကစားသမားများ စေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၂

မြန်မာ့စက်ဘီးအားကစားနည်း အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ သွေးစည်းညီညွတ်ရေး အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် စက်ဘီးနည်းပြသင်တန်း (အဆင့်-၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်

အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နည်းပြဆရာ Dr. Chester Alexander Hill နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

စေလွှတ်ယှဉ်ပြိုင်နိုင်

အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရေတိုရေရှည်စီမံချက်များချမှတ်ပြီး အရှိန်အဟုန်ပြင်းစွာဖြင့် တွန်းအားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ နည်းပြများ၊ ဒိုင်လူကြီးများနှင့် အားကစားမှ တာဝန်ရှိသူများကို ပြည်တွင်းအားကစားပြိုင်ပွဲများအပြင် နိုင်ငံတကာအားကစား အတွေ့အကြုံများရရှိစေရန်အတွက် ပြည်ပနိုင်ငံများသို့ သင်တန်းများ စေလွှတ်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်အနေဖြင့် စက်ဘီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်းစက်ဘီး ပြိုင်ပွဲများ၊ ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာ အားကစားပြိုင်ပွဲများနှင့် ပြည်ပဖိတ်ခေါ်ပြိုင်ပွဲများသို့ မြန်မာနိုင်ငံမှ အားကစားသမားများကို စေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်

ဆက်လက်၍ ကမ္ဘာ့စက်ဘီးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ခံရသည့် နည်းစနစ်ကျွမ်းကျင်သူ အင်္ဂလန်နိုင်ငံမှ Dr. Chester Alexander Hill က နှုတ်ခွန်းဆက် စကားပြောကြားပြီး သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ သင်တန်းကို နိုဝင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်