မကောင်းမှုဒုစရိုက်ပြုလုပ်ကြသူများကြား၌ လိမ်ညာလှည့်ဖြားမှုများရှိစမြဲ၊ ယုံလွယ်တတ်သူများကြား၌ လိမ်ညာလှည့်ဖြားမှုများရှိစမြဲ။ ထို့ကြောင့် အလိမ်အညာလှည့်ဖြားမှုများသည် လူသားကမ္ဘာ၌ လွှမ်းမိုးနေသည်ကို တွေ့ရမည်ဖြစ်သည်။ လိမ်ညာလှည့်ဖြားမှုများသည် သူ့ချည်းပင်လိမ်ညာလှည့်ဖြားခြင်းမပြုလုပ်နိုင်၊ လိမ်ညာလှည့်ဖြားနိုင်အောင် ကြားခံလူထုဆက်သွယ်ကိရိယာများက ပြုလုပ်ပေးကြသည်။
လိမ်ညာလှည့်ဖြားမှုများသည် လူတစ်ဦးနှင့်တစ်ဦးကြားတွင်ရှိသကဲ့သို့ လူ့အသိုက်အဝန်း၊ အဖွဲ့အစည်းများကြားမှသည် နိုင်ငံနှင့်ချီ၍ လိမ်ညာလှည့်ဖြားမှုများရှိလာသည်။ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ကြား၌ လိမ်ညာလှည့်ဖြားမှုသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ကိုသာ ထိခိုက်စေသော်လည်း နိုင်ငံနှင့်ချီ၍ လိမ်ညာလှည့်ဖြားမှုသည် ကြီးမားသောအန္တရာယ်ကိုဖြစ်စေသည်။ မျက်မှောက်ကာလတွင် နိုင်ငံနှင့်ချီ၍ အလိမ်အညာလှည့်ဖြားမှု အတတ်ပညာများ ခေတ်စားလာသည်။ ယင်းတို့ကို ဆိုက်ဝါး သို့မဟုတ် စိတ်ဓာတ်စစ်ဆင်ရေးဟု ဆိုကြသည်။
ဆိုက်ဝါးဆိုသည်မှာ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးရည်ရွယ်ချက်များ ပြည့်မီရန်အတွက် ပစ်မှတ်ထားသောလူအုပ်စုကို ဝါဒဖြန့်ခြင်းနှင့် စိတ်ပညာဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်ခြင်းများပြုလုပ်ခြင်းပင်ဖြစ်သည်။ ဆိုက်ဝါးသည် အသစ်အဆန်း နည်းတော့မဟုတ်ပါ။ သမိုင်းဦးကာလများကတည်းက ပြိုင်ဘက်၏စိတ်ဓာတ် စွမ်းရည်ကျဆင်းစေရန် အသုံးပြုခဲ့သည့်နည်းလမ်းပင်ဖြစ်သည်။ ပထမကမ္ဘာစစ်အတွင်း လက်ကမ်းစာစောင်များ ဖြန့်ဝေသည့်နည်း၊ ဒုတိယကမ္ဘာစစ်အတွင်း အသံလွှင့်ဌာနများမှတစ်ဆင့် ဝါဒဖြန့်ချိနည်း၊ မျက်မှောက်ကာလတွင် အင်တာနက် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် စိတ်ဓာတ်စစ်ဆင်နည်းများကို အသုံးပြုလာကြသည်။
ဆိုက်ဝါးပရိုဂရမ်သည် နူးညံ့သိမ်မွေ့လွန်းသောကြောင့် ရှောင်တိမ်းရန် မလွယ်ကူချေ။ အတွေ့အကြုံဗဟုသုတရှိသူများနှင့် အမှန်တရားကို ရှာဖွေနေသူများပင် ဆိုက်ဝါး၏သားကောင်များဖြစ်နိုင်သေးရာ သာမန်လူများအနေဖြင့်မူ သားကောင်အဖြစ်သို့ ရောက်နိုင်သည်။ မျက်မှောက်ကာလတွင် လူမှုကွန်ရက် စာမျက်နှာများပေါ်၌ သတင်းတု၊ သတင်းမှား၊ ပုံကြီးချဲ့ကားသတင်းများကို ထပ်တလဲလဲလွှင့်ထုတ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
လတ်တလောတွင် အကြမ်းဖက်အဖွဲ့အစည်းများက မဟုတ်မမှန်ဝါဒဖြန့်ချိသည့် သတင်းအချက်အလက်၊ ဓာတ်ပုံ၊ ဗီဒီယိုများကို ပြည်ဖျက်မီဒီယာများမှတစ်ဆင့် အဆက်မပြတ်ထုတ်လွှင့်နေသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအချို့တွင် တပ်မတော်က နယ်မြေဒေသလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာတွင် အဆိပ်ဓာတ်ငွေ့သုံး၍ တိုက်ခိုက်လာကြောင်း၊ ရန်ကုန်မြို့တွင် ပေါ်တာဆွဲကြောင်း၊ တက္ကသိုလ်ကျောင်းသားများကို စစ်သင်တန်းတက်ခိုင်းကြောင်း၊ စက်သုံးဆီပြတ်လပ်နေပြီဖြစ်ကြောင်း၊ ဘဏ်များတွင် ငွေထုတ်၍မရကြောင်း စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ မမှန်သတင်းများထုတ်လွှင့်၍ ပြည်သူများတွေဝေအောင် ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်ကို အကြမ်းဖက်သမားများက ဝင်ရောက်စီးနင်းပြီး ဆရာ ဆရာမများနှင့် ဝန်ထမ်းများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို ကယ်ထုတ်သွားသည်ဟုလည်းကောင်း၊ ကောင်းမွန်စွာထိန်းသိမ်းထားသည်ဟုလည်းကောင်း၊ ဆရာ ဆရာမများကို ခြိမ်းခြောက်အကျပ်ကိုင်၍ ၎င်းတို့အလိုကျ အကွက်ဆင်အကျပ်ကိုင်ပြောဆိုရိုက်ကူးထားသော ဗီဒီယိုဖိုင်များကိုအသုံးပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေလိုသည့် ပြည်ဖျက်မီဒီယာများမှတစ်ဆင့် မဟုတ်မမှန် ဝါဒဖြန့်လုပ်ဆောင်မှု များကို ပြုလုပ်လာကြသည်။ တပ်မတော်အနေဖြင့် အဓမ္မဖမ်းဆီးခံလိုက်ရသော ဆရာ ဆရာမများနှင့် ဝန်ထမ်းမိသားစုများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည်ကယ်တင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သတင်းတု၊ လုပ်ကြံသတင်းဆိုသည်မှာ မြေပြင်တွင် ဖြစ်စဉ်လုံးဝမရှိဘဲ အမှန်တကယ်ဖြစ်နေသကဲ့သို့ ဓာတ်ပုံ၊ ဗီဒီယိုများကို ဖြတ်ညှပ်ကပ်ပြုလုပ်၍ လုပ်ကြံဖန်တီးဖော်ပြနေခြင်းဖြစ်သည်။ ပုံဖျက်သတင်းအမှားဆိုသည်မှာ မြေပြင်ဖြစ်စဉ်အမှန်ကိုအခြေခံပြီး လိုရာပုံဖော်လိုသည့်အချက်ကို ပုံကြီးချဲ့ကားတင်ပြခြင်းဖြစ်သည်။ အမှား၊ အမှန်ရောထွေး၍ မမှန်မကန်ဖော်ပြခြင်းဖြစ်သည်။ အခြေအမြစ်မရှိသည့် လုပ်ကြံသတင်းများ၊ သတင်းအမှားများကြောင့် ပြည်သူများကြားတွင် သတင်းအဆိပ်အတောက်ဖြစ်စေပြီး ဆင်ခြင်သုံးသပ်နိုင်စွမ်းအားနည်းသည့် ပြည်သူအချို့အနေဖြင့် ယုံလွယ်ကာပူးပေါင်းပါဝင်ပါက အကြမ်းဖက်အားပေးအန္တရာယ် ရှိလာသည်။
သို့ဖြစ်ရာ ပြည်ဖျက်မီဒီယာများနှင့် ပြည်တွင်း၊ ပြည်ပ အဖျက်သမားများက လူမှုကွန်ရက်များမှတစ်ဆင့် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေကြသလို နောက်ကွယ်မှ ကြိုးကိုင်စီစဉ်သူများကလည်း ငွေအင်အား၊ နည်းပညာအင်အားများဖြင့် သတင်း မှားများကို ပြည်သူလူထုအကြား ပိုမိုပျံ့နှံ့ရောက်ရှိအောင် မီဒီယာကိုလက်နက်သဖွယ်အသုံးချ၍ ဝါဒဖြန့်ချိရေး၊ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဆောင်မှုများကို ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားချင့်ချိန်ပြီး အမှားအမှန်ခွဲခြားရှုမြင်ကာ မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။ ။
