Skip to main content

လောက်ကိုင်မြို့တွင် စစ်ဘေးရှောင်ကားတစ်စီးကို ဒုံးကျည်ထိမှန်ကာ လူထိခိုက်သေဆုံးမှုရှိခဲ့ပြီး တပ်မတော်ကပစ်ခတ်သော လက်နက်ကြီးကျည်ဟု MNDAA ပြန်ကြားရေး တာဝန်ခံပြောကြားသည်ဟု လုပ်ကြံသတင်းတစ်ခုအား ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများတွင် MNDAA၊ TNLA နှင့် AA လက်နက်ကိုင် သောင်းကျန်းသူများသည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုကြောင့် မြို့နယ်အချို့တွင် ဒေသခံပြည်သူများ ခေတ္တတိမ်းရှောင်နေကြလျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် လောက်ကိုင်မြို့အနီး၊ တုံချိန်အရပ်တွင် စစ်ဘေးရှောင်ပြည်သူများ လိုက်ပါလာသည့် ကားတစ်စီးအား လက်နက်ကြီးကျည်ထိမှန်ပြီး ကားပေါ်တွင်ပါလာသည့်သူများထိခိုက် သေဆုံးမှုရှိကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရှိရသည်။ အဆိုပါ ပစ်ခတ်မှုသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းက ပြောကြားသည်ဆိုသည့်သတင်းအား လူမှုကွန်ရက်စာမျက်နှာတွင် လုပ်ကြံသတင်း ရေးသားဖြန့်ဝေမှုအား တွေ့ရှိရသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်အား လုံခြုံရေးဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းမရှိကြောင်း၊ လက်နက်ကိုင်သောင်းကျန်းသူများက တပ်မတော်စခန်းတစ်ခုအား ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆန်သည် စစ်ဘေး‌ရှောင်ပြည်သူများ လိုက်ပါလာသည့် ကားတစ်စီးအား ထိမှန်ပျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူအချို့နှင့် အခြားသတင်းအရင်းအမြစ်များအရသိရှိရပြီး အကြမ်းသမားများအနေဖြင့် ဒေသအတွင်းမတည်မငြိမ်ဖြစ်စေရန်၊ ဒေသခံတိုင်းရင်းသားများအား အကြောက်တရားဖြင့် ၎င်းတို့အား ထောက်ခံအားပေးလာစေရန်နှင့် တပ်မတော်အပေါ် အထင်အမြင်လွဲမှားလာစေရန်ရည်ရွယ်၍ လုပ်ကြံသတင်း ရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။