နေပြည်တော် နိုဝင်ဘာ ၂၂
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း စေတနာရှင်အလှူရှင်ပြည်သူများက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောပတ်ထမင်းဘူးများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများကလက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးကြသည်။
စေတနာရှင်ပြည်သူများလှူဒါန်းသည့် ထောပတ်ထမင်းဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများကရေးသားပေးပို့သည့် “တပ်မတော်သားများ ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း၊ ကျန်းမာပါစေကြောင်းနှင့် တိုက်ပွဲတိုင်းအောင်မြင်ပါစေကြောင်း” စသည့် ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း သတင်းရရှိသည်။
