နေပြည်တော် နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သမားများက နိုဝင်ဘာလ ၂၀ ရက် ညပိုင်းတွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့အရပ်သား ပြည်သူ ၂ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အကြမ်းဖက်သမားများက နိုဝင်ဘာလ ၂၀ ရက် ည ၁၀ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေသည့် တပ်ဖွဲ့ဝင်များအား ကော့ကရိတ်မြို့၏ အရှေ့ဘက်မီတာ ၁၄၀၀ ခန့်အကွာရှိ ဆင်ကုန်းကျေးရွာသင်္ချိုင်းကုန်းဘက်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကျည်များသည် ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဦးထွန်းရင်၏နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ချေမှုန်းနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
