Skip to main content

(၅၂)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် မဲခေါင်ခရီး သွားလုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးများ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၁

(၅၂)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာ သီရိဟိုတယ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Hybrid စနစ်ဖြင့် လက်ခံကျင်းပသည်။

အစည်းအဝေးတွင် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က မဟာမဲခေါင်ဒေသခွဲအနေဖြင့် မတူကွဲပြားသော ယဉ်ကျေးမှုများ၊ ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသများနှင့် နိုင်ငံတကာ ခရီးသွားများအား စဉ်ဆက်မပြတ်ဆွဲ ဆောင်နိုင်ခြင်းတို့ကြောင့် ကမ္ဘာကသိသော ဒေသတစ်ခု ဖြစ်ပါကြောင်း၊ ထို့ပြင်သဘာဝ အလှတရားများ၊ သမိုင်းဝင်နေရာများ၊ ယဉ်ကျေးမှု အမွေအနှစ်များနှင့် တစ်မူထူးခြားသော အတွေ့အကြုံများ၊ ခရီးသွားအရင်း အမြစ်များ ပေါကြွယ်ဝခြင်းတို့ကြောင့် ကမ္ဘာတစ်ဝန်းမှ လာရောက်လည်ပတ်သူများအတွက် ဆွဲဆောင်မှုရှိသော ဒေသတစ်ခုဖြစ်ပါကြောင်း၊ မဟာမဲခေါင်ဒေသခွဲ မဟာဗျူဟာ ၂၀၃၀ တွင် ဖော်ပြထားသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်သည်ကို တွေ့ရကြောင်း၊ ယင်းမဟာဗျူဟာသည် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ အဖွဲ့ဝင်နိုင်ငံများအကြား ချိတ်ဆက်မှု တိုးမြှင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ရည်ရွယ်ပါကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်တွင် မဟာမဲခေါင်ဒေသခွဲသို့ ခရီးသွားဧည့်သည် ၇၃ ဒသမ ၆ သန်း ဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၁ ဘီလီယံ ရရှိခဲ့ပါကြောင်း၊ အဆိုပါကပ် ရောဂါကြောင့် စိန်ခေါ်မှုများရှိခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ခရီးသွားကဏ္ဍ ပြန်လည်ရှင်သန်လာစေရန်နှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ကျင်းပမည့် အစည်းအဝေးများကအဖွဲ့ဝင် နိုင်ငံများအကြား ခိုင်မာအားကောင်းသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆောက် နိုင်ပြီးမဟာမဲခေါင်ဒေသခွဲရှိ ခရီးသွားကဏ္ဍအတွက် ပိုမိုတောက်ပသော အနာဂတ်ကို ဖန်တီးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ၎င်းအပြင်အဖွဲ့ဝင်နိုင်ငံများ အကြား ဟန်ချက်ညီပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုး တက်မှုအခြေအနေများ၊ ဒစ်ဂျစ်တယ်ခရီးသွားလုပ်ငန်း၊ ခရီးစဉ်ဒေသများအကြောင်း၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များ၊ မဟာမဲခေါင်ခရီးသွား လုပ်ငန်း ကဏ္ဍ မဟာဗျူဟာ ၂၀၃၀ နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးကြ သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မဟာမဲခေါင်ဒေသခွဲ ကိုယ်စားလှယ်များအတွက် တည်ခင်းဧည့်ခံသော ကြိုဆိုညစာစားပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

အဆိုပါအခမ်းအနားများသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံ Designated Areas for Sustainable Tourism Administration (DASTA) အဖွဲ့မှ ကိုယ်စားလှယ်များ၊ မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ် ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB)၊ ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အာဆီယံ-ဂျပန်ဗဟိုဌာန၊ အာရှပစိဖိတ်ခရီးသွားလုပ်ငန်းအဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 သတင်းစဉ်