Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဆင်သေချောင်း တံတား(ကျောက်ချက်) အသစ်တည်ဆောက်ခြင်းနှင့် ဘောဂသီရိအဝေးပြေးကားဝင်းကြားရှိ လမ်းဆုံ(Junction)တွင် ယာဉ်သွားလာမှု စနစ်တကျဖြစ်စေရေးအတွက် ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၂၂၃/၁)ရှိ ဆင်သေချောင်းတံတား (ကျောက်ချက်) လေးလမ်းသွားတံတားသစ် တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် ဘောဂသီရိ အဝေးပြေးကားဝင်းကြားရှိလမ်းဆုံ (Junction)တွင် ယာဉ်သွားလာမှု စနစ်တကျဖြစ် စေရေးအတွက် လမ်းပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဆင်သေချောင်းတံတား(ကျောက်ချက်) တံတားအသစ် အရှည် ပေ ၂၁၀ တိုးချဲ့တည် ဆောက်နေသည့် တည်ဆောက်ရေးလုပ်ငန်း ခွင်သို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ ပြည်ထောင်စုဝန်ကြီးက တံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Master Plan အနေဖြင့် ခြောက်လမ်းသွားဖြင့် လျာထားပြီး ပထမအဆင့်အနေဖြင့် လေးလမ်းသွားအဆင့် ဆောင်ရွက်ထားမှု၊ တံတားအား သတ်မှတ်စံချိန် စံညွှန်းများအတိုင်း အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ထားရှိမှု၊ တံတားရေရှည်တည် တံ့ခိုင်မြဲရေး အတွက် ချောင်းရေတိုက်စားမှု မဖြစ်ပေါ်စေရေး မြစ်ချောင်းထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှု ရှိစေရေးအတွက် သက်ဆိုင်ရာဌာနများက ဆက်လက်ဆောင်ရွက်ရန်လိုအပ်မှု၊ စိုက်ပျိုးမြေများ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် ချောင်းရေတင်စနစ်ဖြင့် အသုံးပြုနိုင်ရန် ဆင်သေချောင်း၏ Down Stream ၌ ယာယီရေထိန်း ဆောင်ရွက်ရန် လိုအပ်မှု၊ လမ်းဆုံ(Junction)တွင် ယာဉ်သွားလာမှု စနစ်တကျဖြစ်စေ ရေး ယာဉ်ကြောပြင်ဆင် သတ်မှတ်ထားရှိမှု၊ လမ်းအချက်ပြဆိုင်းဘုတ် (Road Sign)များ စနစ်တကျ ဆောင်ရွက်မည့် အခြေအနေနှင့် ယာဉ်များ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး လမ်းတိုးချဲ့ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆင်သေချောင်းတံတား ရေရှည်တည်တံ့ခိုင်မြဲရေး၊ ရေလမ်းကြောင်းထိန်းသိမ်းရေး၊ ချောင်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပ မှုရှိစေရေး၊ ဆင်သေချောင်းတွင် ယာယီရေထိန်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးသည်။

ယင်းနောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ တို့သည် ဆင်သေချောင်း တံတား(ကျောက်ချက်) တည်ဆောက်ပြီးစီးမှု၊ တံတားအောက် ရေလမ်းကြောင်း ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် သာယာလှပမှုရှိစေရေး ဆောင်ရွက်ထားရှိမှု၊ တံတားနှင့် ဘောဂသီရိ အဝေးပြေးကားဝင်းကြားရှိ လမ်းဆုံ(Junction)တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်သွားလာမှုစနစ်တကျ ဖြစ်စေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

  သတင်းစဉ်