Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် (၉)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာယဉ် ကျေးမှုဖိုရမ်သို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

ရန်ကုန် နိုဝင်ဘာ ၂၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ စိန့်ပီတာစဘတ်မြို့၌ နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် “(၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာယဉ် ကျေးမှုဖိုရမ်” သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိကြသည်။

အဆိုပါဖိုရမ်သို့ BRICS Institute၊ Shanghai Cooperation Organization ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် နိုင်ငံပေါင်း ၇၀ ကျော်မှ ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ ထင်ပေါ် ကျော်ကြားပညာရှင်များ ပါဝင်တက်ရောက်ကြပြီး ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာကဏ္ဍများကို ခေါင်းစဉ်ရှစ်ခုခွဲ၍ သတ်မှတ်ထားသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေး ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက်တွင် ဖိုရမ်သတ်မှတ်ခေါင်းစဉ်တစ်ခုဖြစ်သည့် Learning History through Culture၊ Historical Memory and Artistic World၊ Historical Heritage as a Formative Environment ကဏ္ဍများသို့ တက်ရောက်ကြသည်။

မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နိုဝင်ဘာ ၁၇ ရက်တွင် ဖိတ်ကြားထားသည့် နိုင်ငံ ၄၁ နိုင်ငံမှ နိုင်ငံကိုယ်စားပြုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး H.E. Ms. Olga Lyubimova နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး H.E. Ms. Olga Lyubimova က မိတ်ဆွေနိုင်ငံများအနေဖြင့် အနာဂတ်ကာလများ၌ ယဉ်ကျေးမှုဆိုင်ရာ သံခင်းတမန်ခင်း လုပ်ငန်းများက လက်ရှိအခြေအနေများ၊ အရေးကိစ္စများကို အဖြေရှာရန် အထောက်အကူဖြစ် မည်ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ ပညာရှင်များက မိမိတို့၏ ယဉ်ကျေးမှုများ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က ယခုကဲ့သို့ စိန်ခေါ်မှုများရှိနေသည့်ကာလ၌ ဤဖိုရမ်ကို ကျင်းပခြင်းသည် ဒေသတွင်းယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါ တန်ဖိုးရှိမှုကို နှိုးဆော်လိုက်ခြင်းဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများ များများပြုလုပ်ပါက မတူကွဲပြားသည့် ယဉ်ကျေးမှုများကို ပိုမိုနားလည်သဘောပေါက် လာမည်ဖြစ်ပါကြောင်း၊ နားလည်မှုနှင့် နက်ရှိုင်းသည့် ဆက်ဆံရေးကို ပိုမိုတည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့ဖိုရမ်သည် ယဉ်ကျေးမှုနှင့် အနုပညာ ကဏ္ဍအတွက်မူဝါဒရေးဆွဲခြင်း၊ ရေးဆွဲပြီးသည့် မူဝါဒများကို အကောင်အထည်ဖော်ခြင်းတို့နှင့် စပ်လျဉ်းပြီးအတွေးအခေါ်၊ အယူအဆများ၊ အတွေ့အကြုံများ ဖလှယ်မြှင့်တင်ဆောင်ရွက်ရန်အတွက် အဓိကကြိုးပမ်းဆောင်ရွက်မှုတစ်ခု ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတဗလာဒီမာပူတင်က နိုင်ငံတကာယဉ်ကျေးမှုဖိုရမ်သို့ တက်ရောက်လာသည့်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ထင်ပေါ်ကျော်ကြားသည့် ပုဂ္ဂိုလ်များ၊ အနုပညာရှင်များနှင့် တွေ့ဆုံသည့်အခမ်းအနားသို့ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနား၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတဗလာဒီမာပူတင်က မိန့်ခွန်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ပညာရှင်များနှင့် ကိုယ်စားလှယ်များ၏ဆွေးနွေးမေးမြန်းချက်များကို ရင်းနှီးခင်မင်စွာ ပြန်လည်ရှင်းလင်း ဖြေကြားသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၈ ရက်တွင် စိန့်ပီတာစဘတ်မြို့ State Heritage Museum ၌ ကျင်းပသည့် The Heritage Award Ceremony သို့တက်ရောက်ကြပြီး State Heritage Museum အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နှစ်ပေါင်း ၁၄၀ သက်တမ်းရှိ Mikhailovsky Theatre ဇာတ်ရုံ၌ ဖိုရမ်အား ဂုဏ်ပြုတင်ဆက်သည့် Opera and Ballet Stars Gala ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ကိုယ်စား ဂုဏ်ပြုတည်ခင်းသည့် ညစာစားပွဲ၊ State Academy Mariinsky Theatre ပြဇာတ်ရုံ၌ တင်ဆက်သည့် Concert နှင့် Capella ပြဇာတ်ရုံ၌ တင်ဆက်သည့် ရုရှားသံစုံတီးဝိုင်း ဖျော်ဖြေတင်ဆက်မှုများကို နိုင်ငံတကာ ယဉ်ကျေးမှုဖိုရမ်သို့ တက်ရောက်လာသည့် နိုင်ငံများမှဝန်ကြီးများ၊ ပညာရှင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်