Skip to main content

လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၁

လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တာဝန် ရှိသူများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာ သူများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့် အိမ်ထောင်စု လူဦးရေစာရင်းများအနက် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ စိစစ်ပြီးဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ အကြမ်းဖက်စာရင်းတွင် ပါဝင်သူ ၁၂၀၀ ကျော်အပါအဝင် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထား တွေ့ရှိသူ ၉၁၀၀၀ ကျော်၊ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထား မတွေ့ရှိသူ ၄၇၀၀၀ ကျော်၊ စုစုပေါင်းလူဦးရေ ၁၃၈၀၀၀ ကျော်အားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်သံတမန်လမ်းကြောင်းဖြင့် ပေးပို့အကြောင်း ပြန်ကြားပြီးဖြစ်ပါကြောင်း။

စစ်ဆေးခဲ့

ယင်းတို့အနက် နှစ်နိုင်ငံညှိနှိုင်းချက်အရ ပြန်လည်လက်ခံ ရေးလုပ်ငန်းများကို Pilot Project ဖြင့် ဆောင်ရွက်ရန် သဘောတူခဲ့ပြီး လူဦးရေ ၇၀၀ ကျော်ကို ပြန်လည်လက်ခံရန် လျာထားပေးပို့ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ Pilot Project ဖြင့် ပြန်လည်လက်ခံရန် လျာထားသူ ၇၀၀ ကျော်အပြင် ၎င်းတို့၏ ဆက်စပ်မိသားစုဝင် ၄၀၀ ကျော်၏ စာရင်းပါ ထပ်တိုးရန်ပေးပို့လာပါကြောင်း၊ စိစစ်အတည်ပြုရန် ကျန်ရှိသည့် ဆက်စပ်မိသားစုဝင် ၄၀၀ ကျော် အား မိမိတို့ဘက်မှ မျက်မြင်စစ်ဆေးရေးအဖွဲ့များဖြင့် ပြီးခဲ့သည့် မတ်လအတွင်းက မောင်တောမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်မြို့သို့ သွားရောက်စစ်ဆေးခဲ့ပြီး ယခင်ကျင်းပခဲ့သည့် (၂/၂၀၂၃) အစည်းအဝေးတွင် Pilot Project ဖြင့် လျာထားသူ ၇၀၀ ကျော်နှင့် သွားရောက်စစ်ဆေးအတည်ပြုခဲ့သူ ၄၀၀ ကျော် စုစုပေါင်း ၁၁၀၀ ကျော်အား လက်ခံရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း။

သို့ရာတွင် နှစ်နိုင်ငံ ကမကထပြု ဆောင်ရွက်မည့် အစီအစဉ်သစ် (New Bilateral Initiative) အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ပို့ဆောင်လိုသူများနှင့် မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လိုသူများ အဆိုပြုပေးပို့ လာသည့်အတွက် ယင်းတို့အနက် မောင်တော (မြောက်ခြမ်း) တွင် နေထိုင်ခဲ့သူ၊ မိသားစုအလိုက်တွေ့ရှိသူ၊ ပြစ်မှုကင်းရှင်းသူ စုစုပေါင်း ၂၈၀၀ ကျော်အား ရှေ့ပြေးစမ်းသပ်စီမံကိန်းအဖြစ် ပြန်လည်လက်ခံရန် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီက မှတ်ချက်ပြုခဲ့ပါကြောင်း၊ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ၂၈၀၀ ကျော်၏ ထပ်တိုးမိသားစုဝင် ၃၀၀ ကျော်အား ထပ်မံစိစစ်တွေ့ရှိရသဖြင့် Go and Talk ခရီးစဉ်တွင် မျက်မြင်စစ်ဆေးရေး အဖွဲ့လိုက်ပါလျက် တစ်ပါတည်းစိစစ် အတည်ပြုပေးရန် သံတမန်လမ်းကြောင်းအရ တောင်းဆိုလာ သဖြင့် မိမိတို့ဘက်မှ မျက်မြင်စစ်ဆေးရေးအဖွဲ့များက ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ ရက်တို့တွင် တက္ကနပ် သို့ နေ့ချင်းပြန် သွားရောက်စစ်ဆေး ခဲ့ပါကြောင်း၊ ယင်းသို့သွားရောက် စစ်ဆေးရာတွင် စာရင်းပေးပို့ထား သည့် ၃၀၀ ကျော်အနက် လာ ရောက် အစစ်ဆေးခံသူ ၁၄၂ ဦး အား စစ်ဆေးခဲ့ရာ နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည် လက်ခံနိုင်သူ ၁၂၆ ဦးရှိပြီး လက်ခံ ရန် သင့်/ မသင့် စဉ်းစားရမည့်သူ ၁၁ ဦး၊ သေဆုံးသူ လေးဦး၊ စာရင်းမှား တစ်ဦးတို့ တွေ့ရှိရပါကြောင်း။

ရှင်းလင်းပြောကြား

ယခု အစည်းအဝေး တက် ရောက်လာသူများအနေဖြင့် မိမိ ဌာနနှင့်သက်ဆိုင်သည့် အချက် အလက်များအပေါ် မူတည်ပြီး မျက်မြင် စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီးစီးခဲ့သူ ၁၄၂ ဦးနှင့် ပတ်သက်၍ Pilot Project အရ စိစစ်ပြီးသူ ၂၈၀၀ ကျော်နှင့်အတူ ပြန်လည်လက်ခံနိုင်မည့် အခြေအနေကို သုံးသပ်ဆွေးနွေးအကြံ ပြုကြစေလိုပါကြောင်း၊ နေရပ် စွန့်ခွာသူများကို လက်ရှိလုံခြုံရေး အခြေအနေအရ ယခုကာလ အတွင်း အကန့်အသတ်ရှိနေသော် လည်း လက်ခံနိုင်မည့်သူများကို စိစစ်အတည်ပြုထားခြင်းဖြစ်ပြီး အတည်ပြု ဆုံးဖြတ်ချက်များကို ညှိနှိုင်းပေါင်းစပ်ရေးကော်မတီသို့ တင်ပြပြီး ၎င်းမှတစ်ဆင့် ဗဟိုကော်မတီသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန်က ဧပြီလအတွင်း ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၃) ၏ ဆုံးဖြတ်ချက် များနှင့် ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မျက်မြင်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် စိစစ်သုံးသပ်ရမည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက် လာကြသည့် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များ၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ ကော်မတီဝင်များကလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို ဌာနအလိုက်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နေမှုနှင့် မျက်မြင်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိချက်များ အပေါ် Pilot Project ဖြင့် ပြန်လည်လက်ခံနိုင်ရေးအတွက် သုံးသပ် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးအကြံပြု သုံးသပ်ချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးချက်များအပေါ် အတည်ပြုဆုံးဖြတ် ချက်ရယူကာ စိစစ်အတည်ပြုပြီး သူများပြန်လည်လက်ခံနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်