Skip to main content

တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ခုနစ်ရက်တိုင်တိုင်ကျင်းပမည်

တောင်ကြီး နိုဝင်ဘာ ၂၁

၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲ တော်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက် ညနေ ၄ နာရီခွဲက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပသည်။

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော် အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က လောကချမ်းသာ စူဠာမုနိဘုရား အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်ပူဇော်ကြပြီး စိန်နားပန်မီးပုံးပျံလွှတ်တင် ပူဇော်ပေးကြသည်။

ဆက်လက်၍ အဝေရာမီးပုံးပျံကွင်းတွင် ဒေသခံအဆိုတော်များက ခေတ်ပေါ်တေးဂီတ တီးဝိုင်းဖြင့် ရှမ်းရိုးမက အိုးစည်သံ၊ မြေပြန့်သူလေး နောင်ပိန်နောင်၊ ရိုးရာမပျက်တဲ့ မြေသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး ၂၀၂၃ ခုနှစ် တောင်ကြီးတန်ဆောင် တိုင်ပွဲတော်အား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းစာပေ ယဉ်ကျေးမှုအဖွဲ့နာယက၊ ရပ်မိရပ်ဖ၊ မီးပုံးပျံပညာ ရှင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်၏အထင်ကရ တန်ဆောင်တိုင်ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပပေးခြင်းဖြင့်ရှမ်းပြည်နယ်အတွင်း နေထိုင်ကြ သော တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာပွဲတော်ကို ဖော်ထုတ်မြှင့်တင်အားပေးခြင်း ဖြစ်ပါကြောင်း၊ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်အပါ (၇၁)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် မီးပုံးပျံပွဲမကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကို ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၉ ရက် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ခုနစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း၊ မြို့လုံးကျွတ် ဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲ၊ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံပြိုင်ပွဲ (တစ်ကောင်ချင်း/အုပ်စုအရုပ်)၊ ယမ်းမီးကြီးညလွှတ် မီးပုံးပျံပြိုင်ပွဲနှင့် စိန်နားပန် မီးပုံးပျံပြိုင်ပွဲ များကို ကျင်းပပေးသွားမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံးနှင့် အနယ်နယ်အရပ်ရပ်မှ ပွဲတော်လာ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး၊ ညီရင်းအစ်ကို မောင်နှမများပမာ ရင်းနှီးချစ်ခင်စွာ၊ အေးချမ်း တည်ငြိမ်စွာ၊ စည်းလုံးညီညွတ်စွာ၊ ပျော်ရွှင်ကြည်နူး စွာဖြင့် ပူးပေါင်းပါဝင် ဆင်နွှဲကြရန်‌ ပြောကြားသည်။

ယင်းနောက် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ကျင်းပရေးကော်မတီ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တန်ဆောင်တိုင်ပွဲ တော်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး စိန်နား ပန်မီးပုံးပျံနှစ်လုံး လွှတ်တင်ပေး၍ တိုင်းရင်းသားတိုင်းရင်းသူများက မီးပုံးပျံအလတ် အလုံး ၅၀၊ ကျောင်းသား ကျောင်းသူ ၁၂၀၀ က မီးပုံးပျံအသေး ၃၀၀ နှင့် ပရိသတ်များက ကုမ္ပဏီ မီးပုံးပျံ အသေး အလုံး ၂၀၀၀ လွှတ်တင်ပေး၍ မီးရှူး၊ မီးပန်းပစ်ဖောက် ပေးကြပြီး ၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ဆုရသီချင်းဖြင့် တိုင်းရင်းသား ယဉ်ကျေးမှုအကဖွဲ့နှင့် ပညာရေးဒီဂရီကောလိပ်အကအဖွဲ့တို့က တူညီအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ခေတ်ပေါ်တေးဂီတ တီးဝိုင်းမှ ဒေသခံအဆိုတော်များက ဧည့်ခံဖျော်ဖြေ တင်ဆက်ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)