ရန်ကုန် နိုဝင်ဘာ ၂၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင်ရှိ နောင်တော်ကြီးစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းရန် ပြင်ဆင်ထားမှုနှင့် ငြမ်းဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းရန် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ချိန်အတွင်းပြီးစီးရန်၊ စံချိန်စံညွှန်းပြည့်မီရန်၊ စာရင်းဇယားများပြုစုထားရှိရန်၊ စာရင်းစစ်ဆေးမှု ခံယူသွားရန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းရန်အတွက် ရွှေတိဂုံစေတီတော်တောင်ဘက်မုခ် ရွှေပြားကြိတ်စက်ရုံ၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံသို့ ရောက်ရှိကြပြီး အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ လိုအပ်သည်များကိုမှာကြားကာ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိကြသည့် သံဃာတော် ၅၈ ပါးနှင့် သီလရှင် ၃၇ ပါးတို့အား နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်