Skip to main content

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၁

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့် ချေးငွေ စီမံကိန်း၊ စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၈) ကြိမ် မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် စီမံကိန်းဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ စီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် တောင်သူတစ်ဦးချင်းကို ငွေကျပ်သိန်း ၇၀၀ အထိ ချေးငွေများအား နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ စီမံကိန်းစတင်သည်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု၊ မြို့နယ် ၁၈၇ ခု တို့မှ တောင်သူ ၅၆၈၅ ဦးသို့ ထွန်စက်ကြီး ၂၇၅၈ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၂၆၇၇ စီး ဝယ်ယူနိုင်ရေးအတွက် ချေးငွေကျပ် ၂၃၇၁၇၅ ဒသမ ၁၇၈ သန်း ထုတ်ချေးပေးထားပြီး ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းတွင် တိုင်းဒေသ ကြီး/ပြည်နယ် (၇) ခုရှိ မြို့နယ် ၁၇ မြို့နယ်မှ တောင်သူ ၂၈ ဦးသို့ ထွန်စက်ကြီး ၂၃ စီး၊ ရိတ်သိမ်း ခြွေလှေ့စက် ငါးစီးဝယ်ယူနိုင်ရေးအတွက် ချေးငွေကျပ် ၁၈၆၆ ဒသမ ၆၅ သန်း ထုတ်ချေးပေးခဲ့ကြောင်း။

ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရန် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ချေးငွေအစီအစဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)နှင့် ဘဏ်ခွဲ အဆင့်ဆင့်အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ် ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်သွားရန်၊ ချေးငွေအစီအစဉ်တွင် လယ်ယာသုံး စက်ကိရိယာများ ပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အတ္တ၊ ပရမျှတစွာဖြင့် ပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာကော်မတီဝင်များက အကြံပြုဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်သုံးသပ်ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှုမြင့်မားရေးအတွက် တောင်သူဦးကြီးများ၊ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်သူများ၊ ခေတ်မီလယ်ယာသုံး စက်ကိရိယာများ သုံးစွဲလာနိုင်စေရန် ဘဏ္ဍာရေးပိုင်းမှပံ့ပိုး ဆောင်ရွက်မှုအဖြစ် အတိုးနှုန်းအလွန်သက်သာသော ချေးငွေများရရှိနိုင်ရေးအတွက် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်