Skip to main content

နိုင်ငံအနာဂတ်ကောင်းမွန်ရေးတွင်ပါဝင်

လူ့အဖွဲ့အစည်းတစ်ရပ်ကို နေစရာပထဝီနယ်မြေ၊ စုစည်းပေါင်းစပ်ဖော်ဆောင်သည့် အခွင့်အာဏာလွှမ်းတည်ခြင်းနှင့် ဖွဲ့စည်းထားသည်။ လူ့အဖွဲ့အစည်းသည် နိုင်ငံတော်ရှိနေ၍သာ တည်နေနိုင်သလို လူ့အဖွဲ့အစည်းရှိနေ၍လည်း နိုင်ငံတော်ရှိနေခြင်းဖြစ်သည်။ လူနှင့်လူ့အဖွဲ့အစည်း၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်တို့သည် တစ်ခုနှင့်တစ်ခုခွဲခြားထား၍မရ။ အပြန်အလှန်အမှီသဟဲပြုပြီး အပြန်အလှန် အကျိုးပြုရပေသည်။

လူတစ်ဦးတစ်ယောက်သည် ရပ်ရေးရွာရေး၊ တိုင်းရေးပြည်ရေးကိစ္စများကို မပါဝင်မဆောင်ရွက်ဘဲ တစ်သီးပုဂ္ဂလနေထိုင်၍မရပေ။ တစ်ဦးတစ်ယောက်အနေဖြင့် လူ့အဖွဲ့အစည်း၏ ကောင်းရာကောင်းကြောင်း၊ တိုးတက်ရာတိုးတက်ကြောင်းကို တစ်နည်းမဟုတ်တစ်နည်း၊ တစ်နေရာမဟုတ်တစ်နေရာမှ ပါဝင်လုပ်ဆောင်ရစမြဲဖြစ်သည်။ လူ့အဖွဲ့အစည်းအရေးကို ဆောင်ရွက်ခြင်းသည် နိုင်ငံတော်အရေးကို ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတော်အရေး ဆောင်ရွက်ခြင်းသည်လည်း လူ့အဖွဲ့အစည်းအရေးဆောင်ရွက်ခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော် (တိုင်းပြည်)၏အရေးကို ဆောင်ရွက်ခြင်းသည် မွန်မြတ်သည့်နိုင်ငံရေး၊ ရိုးသားသည့်နိုင်ငံရေးဖြစ်သည်။

နိုင်ငံရေးနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “နိုင်ငံရေးသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏အရေးဖြစ်သည်။ လူအများ၏အကျိုးကို ဖော်ဆောင်ရသော လုပ်ငန်းလည်းဖြစ်သည်။ မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံ၍ အများအကျိုးကို ဦးထိပ်ထားကာလုပ်ဆောင် ရသောအလုပ်လည်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး၏ပင်ကိုသဘောသည် မွန်မြတ်သည်။ နိုင်ငံရေးသည် အလွန်မြင့်မြတ်သောအလုပ်ဖြစ်သည်။ နိုင်ငံရေးကိုဗန်းပြ၍ တိုင်းပြည်နှင့်လူမျိုးအကျိုးကို ဦးထိပ်မထားဘဲ မိမိအာဏာရရှိရေးအတွက် နည်းအမျိုးမျိုးဖြင့် လုပ်ကိုင်နေကြသော နိုင်ငံရေးသမားအမည်ခံတို့သည် နိုင်ငံရေး၏ မွန်မြတ်သောအဓိပ္ပာယ်ကို ပျက်စီးအောင် ဖျက်ဆီးနေသူများသာဖြစ်သည်။

“ပြည်ပအားကိုးပြီး တိုင်းပြည်ပျက်အောင် ကြံဆောင်နေကြသူများမှာလည်း နိုင်ငံနှင့်လူမျိုးကို သစ္စာဖောက်နေကြသော နိုင်ငံရေးအနှစ်သာရကိုဖျက်ဆီးနေသူများဖြစ်လေသည်။ စင်စစ်အားဖြင့် လုပ်သားပြည်သူတစ်ရပ်လုံး၏ ရေတိုရေရှည် အကျိုးစီးပွားများအတွက် မှန်ကန်သောနိုင်ငံရေးလမ်းစဉ်မူဝါဒများချမှတ်ပြီး လုပ်ကိုင်ရင်း ပြည်သူတို့၏ယုံကြည်မှုနှင့် အားကိုးထောက်ခံမှုကို ရရှိနိုင်ပေသည်။ မှန်ကန်သောပြည်သူ့အကျိုးပြု လက်တွေ့လုပ်ငန်းများဖြင့် ပြည်သူတို့အား မှန်ကန်သောဦးဆောင်မှုပေးခြင်းသည် မွန်မြတ်သော နိုင်ငံရေးပင်ဖြစ်လေသည်”ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူများ၏ မျှော်လင့်ချက်နှင့်ဆန္ဒဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက် နိုင်ရေးဆောင်ရွက်လျက်ရှိသည်။ အဆိုပါနိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒို့တာဝန်အရေးသုံးပါး၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့သည် အလုပ်လမ်းညွှန်များဖြစ်သည်။ နိုင်ငံတော်တစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်စေရန် ဘက်စုံထောင့်စုံကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။ နယ်ပယ်အသီးသီး၌ အောင်မြင်မှုများ ရတန်သလောက် ရရှိလျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို နိုင်ငံချစ်သူတိုင်းက အသိအမှတ်ပြုကြသည်။

နိုင်ငံ့အရေးကို မည်သို့ပင်ကောင်းအောင် ဆောင်ရွက်နေသော်လည်း အမျိုးသားသစ္စာဖောက် အဖျက်သမားသောင်းကျန်းသူများက ဖျက်ဆီးနေကြသည်။ နယ်ချဲ့လက်သစ်များ၊ လက်ဝေခံများ၊ အဆိုးမြင်သူများက မသိကျိုးကျွန်ပြုကြသည်။ အမနာပပြောကြသည်။ မဟုတ်မမှန်သတင်းများ လုပ်ကြံထုတ်လွှင့်ကြသည်။ ပြည်ပပြည်ဖျက်သတင်းဌာနများကလည်း မီးလောင်ရာလေပင့်ပေးကြသည်။ ပြည်သူများထင်ယောင်ထင်မှားဖြစ်အောင်၊ တွေဝေအောင် လုပ်ဆောင်ကြသည်။ မည်သို့ပင်ဖြစ်စေ မွန်မြတ်မှန်ကန်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လမ်းစဉ်များကို မျက်ခြည်အပြတ်မခံဘဲ နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကို ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် သမိုင်းကြောင်းအစဉ်အလာကောင်းမွန်သော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ မည်သို့ပင် အခက်အခဲအနှောင့်အယှက်များရှိသော်လည်း ကိုယ့်ခွန်ကိုယ့်အားဖြင့် ကျော်လွှား နိုင်စွမ်းရှိသည်။ အဓိကမှာ မိမိနိုင်ငံ၏အကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်းဖြစ်စေသော အဖျက်အန္တရာယ်မှန်သမျှ တွန်းလှန်ဖယ်ရှားရင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရေးကို တည်ဆောက်နေသည့် နိုင်ငံ့သားကောင်းများရှိနေသရွေ့ နိုင်ငံတော်၏အနာဂတ်သည် မှေးမှိန်ပျောက်ပျက်ခြင်းမရှိဘဲ တိုးတက်ကောင်းမွန်မည်ဟူသည့်အချက်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားအတွက် နိုင်ငံတော်အစိုးရက မှန်ကန်မွန်မြတ်သည့်မူဝါဒ၊ လုပ်ငန်းစဉ်များဖြင့် အဘက်ဘက်၌ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိနေချိန်တွင် နိုင်ငံသူနိုင်ငံသားများကလည်း ငါနေထိုင်သောနိုင်ငံတော်၊ ငါ့နိုင်ငံတော်အတွက် ကောင်းသောခံယူချက်ဖြင့် တတ်နိုင်သည့်ဘက်၊ တတ်နိုင်သည့်နေရာမှ တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအနာဂတ် ကောင်းမွန်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)