Skip to main content

တပ်မတော်မှ အဆိပ်ငွေ့ဗုံးများ အသုံးပြု၍ တိုက်ခိုက်လျက်ရှိသည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

နေပြည်တော်  နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြိုနယ်ရှိ စခန်းသစ်လုံခြုံရေးစခန်းအား TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက တိုက်ခိုက်လျက်ရှိပြီး တပ်မတော်မှ နယ်မြေဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ တပ်မတော်မှ အဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက် လာခဲ့သည်ဟု TNLA အဖွဲ့မှ မဟုတ်မမှန် သတင်းထုတ်ပြန်ချက်တစ်ခုကို Online မီဒီယာများတွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါ TNLA  အဖွဲ့၏ မဟုတ်မမှန်ကြေညာချက်အား ခေတ်သစ်မီဒီယာအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက် စာမျက်နှာများ၌ ဖော်ပြမှုများပြုလုပ်၍ သတင်းအမှားများကို အသီးသီးထုတ်လွှင့်ခဲ့ကြသည်ကို တွေ့ရှိရသည်။

တပ်မတော်အနေဖြင့် အဆိပ်ငွေ့ဗုံးများအား မည်သည့်တိုက်ပွဲများတွင်မှ  အသုံးပြုတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း၊ အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်ရာတွင် ထိရောက်သော လက်နက်ကြီးပစ်ကူဖြင့် တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုများကြောင့် TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် အကျအဆုံး များလာပြီး ၎င်းတို့အဖွဲ့အတွင်း စိတ်ဓာတ်ပျက်ပြားကာ တိုက်လိုခိုက်လိုစိတ် မရှိကြတော့သဖြင့် အဆိပ်ငွေ့ဗုံးများ အသုံးပြုသည်ဟု မဟုတ်မမှန်လုပ်ကြံ၍ ပြည်ဖျက်မီဒီယာများ အားကိုးကာ သတင်းမှားများ ထုတ်လွှင့်ခြင်းသာဖြစ်ကြောင်းနှင့် တပ်မတော်အနေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။