Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၀

စာရင်းစစ်ဆေးရေးလုပ်ငန်းများကို သတ်မှတ်လျာထားချက်များနှင့်အညီ အကောင်အထည်ဖော်ရန် လိုအပ်သကဲ့သို့ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ သုံးသပ်အကြံပြုချက်များအပေါ် ပြုပြင်ပြောင်းလဲမှုများ၊ အရေးယူဆောင်ရွက်မှုများ အချိန်မီဆောင်ရွက်နိုင်စေရန်အတွက် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန် စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးဝန်ထမ်းများကို နေပြည်တော်ရှိ ဒက္ခိဏခရိုင်စာရင်းစစ်ရုံး၌ တွေ့ဆုံစဉ် ပြောကြားသည်။

အစီရင်ခံတင်ပြရန်လိုအပ်

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် အရေးကြီးစစ်ဆေးတွေ့ရှိချက်များကို အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြရန် လိုအပ်ကြောင်း၊ ထို့ပြင် ကျင့်ဝတ်သိက္ခာ စောင့်ထိန်းလိုက်နာကြရန်နှင့် သတင်းအချက်အလက်များ လုံခြုံမှုရှိစေရန် ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယစာရင်းစစ်ချုပ်က စီမံရေးရာနှင့် စစ်ဆေးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားပြီး နေပြည်တော်စာရင်းစစ်ရုံး ညွှန်ကြားရေးမှူးနှင့် ခရိုင်/ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံအရာထမ်းများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဖြည့်ဆည်းဆောင်ရွက်ပေး

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နေပြည်တော်စာရင်းစစ်ရုံးနှင့် ဒက္ခိဏခရိုင်/မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ရာများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်