Skip to main content

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်သူ့ဆေးရုံ-တပ်ကုန်းမြို့၊ ညောင်လွန့်ကျေးလက် ကျန်းမာရေးဌာနနှင့် ခရိုင်ပြည်သူ့ဆေးရုံ-ရမည်းသင်း ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့ဆေးရုံ-တပ်ကုန်းမြို့သို့ရောက်ရှိပြီး ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ Oxygen Plant၊ ပြင်ပလူနာဌာန၊ အထူးကုပြင်ပလူနာဌာန၊ ခွဲစိတ်ဆောင်နှင့် ဆေးကုသဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဆေးရုံများတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးထားပါကြောင်း၊ လိုအပ်ချက်ရှိပါက ပြန်လည် တင်ပြရန်၊ လူနာများစိတ်ချမ်းသာစွာ ဆေးကုသမှု ခံယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်သူများ အားကိုးရသည့် ဆေးရုံတစ်ရုံဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းကြရန်၊ ယခုအခါ အထူးကုပြင်ပလူနာဌာနများကိုလည်း တိုးမြှင့်ဖွင့်လှစ်ထားသည့်အတွက် ပြည်သူများအား စနစ်တကျဝန်ဆောင်မှုပေးရန်၊ အထူးကုကွင်းဆင်းခရီးစဉ်များကိုလည်း လိုအပ်သည့်နေရာများတွင် သွားရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာနသို့ ရောက်ရှိပြီး ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ဆောင်ရွက်နေသော ကာကွယ်ဆေးများကို ရည်မှန်း ဦးရေ ပြည့်မီအောင်ထိုးနှံပေးရန်၊ မိခင်နှင့်ကလေးကျန်းမာရေးကို အလေးထားဆောင်ရွက်ရန်၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ခရိုင်ပြည်သူ့ဆေးရုံ-ရမည်းသင်းမြို့ သို့ရောက်ရှိပြီး သွားနှင့်ခံတွင်းဌာန၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်းနှင့် ဆေးကုသဆောင်များ ကို လှည့်လည်ကြည့်ရှုကာ လူနာများကို အားပေးစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကူးစက်ရောဂါများဖြစ်သည့် တီဘီ၊ အိတ်ချ်အိုင်ဗွီ၊ ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ ဆီးချိုသွေးချိုရောဂါကဲ့သို့ မကူးစက်နိုင်သော ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်၊ ပြည်သူများအား ဆေးကုသမှုကုန်ကျစရိတ်မရှိအောင် စီစဉ်ဆောင်ရွက်ပေးရန်နှင့် လက်ရှိအင်အားဖြင့် ဆေးရုံ၏လုပ်ငန်း ဆောင်ရွက်ချက်များကို စွမ်းအားအပြည့်ရရှိပြီး အကောင်းမွန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်