မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များကို ရွေးချယ်ချီးမြှင့်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်ခံရသော စာရေးဆရာကြီးများအား မြန်မာ့အလင်းမှ တွေ့ဆုံမေးမြန်မှုများကို ဖော်ပြလိုက်ပါသည်။
ဆရာကြီးဒေါက်တာသန်းဦး (ပြည်စိုးမင်း) သက်ကြီးစာပေပညာရှင်
ပညာရေးလောက၏ ရှေ့ဆောင်မီးရှူးတန်ဆောင်ဖြစ်သော ပညာရေးပညာရှင်(Educationist) ဖြစ်သူ ဆရာကြီး ဒေါက်တာသန်းဦးသည် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။ မြန်မာနိုင်ငံစာပေလောက၏ အမြင့်ဆုံးဆုကို ဆရာကြီးရရှိခဲ့ခြင်းကြောင့် ဆရာကြီး၏ မိသားစုများ၊ ဆရာကြီး၏ များစွာသော တပည့်များ၊ မိတ်ဆွေအပေါင်းအသင်းများ၊ လုပ်ဖော်ကိုင်ဖက်များက ဝမ်းသာပီတိဖြစ်ကြမည်မှာ ဧကန်မလွဲ ဖြစ်သည်။ ပူဇော်ထိုက်သူကိုပူဇော်၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း၊ ချီးကျူးထောမနာပြုခြင်းသည် မင်္ဂလာတရားတော်နှင့် ညီပေသည်။ ယခုလည်း သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံပြီး နာယကဂုဏ်ခြောက်ပါးနှင့်အညီ နေထိုင်သူ၊ လူအများက ရိုသေရသူ၊ သက်တော်ရှည် ပညာရေးပညာရှင်ကြီးဖြစ်သော ဆရာကြီး ဒေါက်တာသန်းဦးကို မြန်မာ့အလင်းက ဂုဏ်ပြုပါသည်။
ဆရာကြီး ဒေါက်တာသန်းဦးကို မြန်မာသက္ကရာဇ် ၁၂၈၉ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၉ ရက်၊ ၁၉၂၈ ခုနှစ် ဧပြီ ၁၃ ရက်တွင် ပြည်မြို့၌ မွေးဖွားခဲ့သည်။ ငယ်စဉ်ကပင် အကြီးမိခင်ကြီး၏ မေတ္တာရိပ်အောက်တွင် ကြီးပြင်းခဲ့ရသည်။ ပြည်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး နိုင်ငံတော်တန်းမြင့်ကျောင်းတွင် ဆက်လက်ပညာသင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေ(အီးဒီ)ဘွဲ့ကို ဂုဏ်ထူးနှစ်ဘာသာဖြင့် ပထမရပြီး အောင်မြင်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် ဘီဝမ်းဒီဘွဲ့ကိုလည်း ပထမရရှိပြီး အောင်မြင်ခဲ့သည်။ ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် M.Ed ဘွဲ့ကို အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီတက္ကသိုလ်မှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ပုသိမ်ဆရာအတတ်သင်ကျောင်း ကျောင်းအုပ်ကြီးတာဝန်ကိုလည်း ၁၉၆၄ ခုနှစ်နှင့် ၁၉၆၅ ခုနှစ် ပညာသင်နှစ် နှစ်နှစ်တာသာ တာဝန်ထမ်းဆောင်လိုက်ရပြီး ရန်ကုန်မြို့ ပညာရေးသုတေသန ဗျူရိုတွင် လက်ထောက်ပညာရေး သုတေသနအရာရှိဖြင့် ပြန်လည်ပြောင်းရွှေ့ခဲ့ရပြန်သည်။ ၁၉၆၇-၁၉၆၈ ခုနှစ်တွင် ပညာရေးသုတေသန အရာရှိရာထူးသို့ တိုးမြှင့်ခန့်အပ်ခံရသည်။
နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနက ဆရာကြီးကို အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်လိုက်သည်။ ခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တာဝန်ကို ၁၉၇၇ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းပေါင်းများစွာကို ဆရာကြီးသည် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။
စာပေပညာရှင် ဆရာကြီး ဒေါက်တာထွန်းတင့်
(ဒေါက်တာထွန်းတင့်-မြန်မာစာ)
“ဆရာက ကျောင်းဆရာအဖြစ်နဲ့ဝင်တာ။ ၁၉၅၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ရောက်တယ်။ အဲဒီတုန်းက မြန်မာပြည်မှာ တက္ကသိုလ်က အဲဒီတစ်ခုတည်းရှိတာ။ ဂုဏ်ထူးတန်းယူလိုက်တဲ့ အခါကျတော့ ငါးနှစ်တက်ရတယ်။ ၁၉၅၈ ခုနှစ်မှာ ဂုဏ်ထူးတန်း အောင်တယ်။ အောင်တဲ့ နှစ်မှာပဲ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ လက်ထောက်ကထိကအဖြစ် ခန့်အပ်ခံရတယ်။ နောက် ၁၉၅၈ ခုနှစ်မှာပဲ ပုသိမ်တက္ကသိုလ်၊ ပြီးတော့ မကွေးကောလိပ်မှာ ငါးနှစ်လောက်ကြာတယ်။ အဲဒီနောက် မကွေးကနေ မန္တလေးကိုရောက်ပြီး အဲဒီမှာ လေးနှစ်လောက်ကြာတယ်။ ပြီးမှ ရန်ကုန်တက္ကသိုလ်ရောက်တယ်။ အဲဒီတော့ ဆရာအများဆုံးလုပ်ခဲ့တာက တက္ကသိုလ်တွေမှာပါ။ ၁၉၅၈ ကနေ ၂၀၀၀ ပြည့်နှစ်အထိပေါ့။ ပြဋ္ဌာန်းတဲ့ မြန်မာစာစာလုံးပေါင်းသတ်ပုံကျမ်းကို လုပ်ဖို့ဆိုပြီးတော့ ဆရာ့ကို ပညာရေးဌာနက မြန်မာစာအဖွဲ့ကို ပြောင်းလိုက်တယ်။ မြန်မာစာအဖွဲ့မှာ ၁၉၈၁ ခုနှစ်ကစပြီး ရောက်တယ်။ အဓိကတာဝန်က မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်းကို လုပ်ရတယ်။ ၁၉၆၈ ခုနှစ်မှာ မြန်မာရေးထုံးကျမ်းဆိုပြီးတော့ မြန်မာစာအဖွဲ့က ထုတ်ခဲ့တယ်။ အဲဒီတုန်းကတော့ ဆရာမရောက်သေးပါဘူး။ ၁၉၇၈ ခုနှစ်မှာ တစ်ကြိမ်ထုတ်ပါတယ်။ အဲဒီတုန်းကလည်း ဆရာ မရောက်သေးပါဘူး။ အဲဒီ ၁၉၇၈ ခုနှစ်က စာအုပ်စာလုံးပေါင်းသတ်ပုံ ကျမ်းကို ပြန်လည်တည်းဖြတ်ဖို့၊ ပြင်ဆင်ဖို့ ပို့လိုက်တော့ ရန်ကုန်တက္ကသိုလ်က မြန်မာစာ အဖွဲ့ကို ရောက်သွားပါတယ်။ ချုပ်ပြောရရင် စာလုံးပေါင်းသတ်ပုံကျမ်းကို လုပ်ခဲ့တဲ့ ၁၉၈၆ ခုနှစ်မှာ နိုင်ငံတော်က နိုင်ငံတော်သုံးအဖြစ်ပြဋ္ဌာန်းထားတဲ့စာအုပ်ဟာ ဆရာတို့လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာ သဒ္ဒါ၊ ကျောင်းသုံးသဒ္ဒါ၊ နောက်ပြီးတော့ အဘိဓာန်တွေ၊ အခုမြန်မာစာအဖွဲ့က ထုတ်တဲ့စာအုပ်တွေမှန်သမျှ အကုန်လုံး ဆရာတို့ ပါဝင်ရတာပေါ့။
စာရေးတာနဲ့ပတ်သက်ပြီး ပြောရရင်တော့ မြန်မာစာအဖွဲ့မှာ လုပ်နေရင်း ပထမဦးဆုံး ဘာရေးခဲ့လဲဆိုတော့ မြန်မာပင့်ရစ်သတ်ပုံဆိုတာလေးကို ရကန်စာပေ၊ အဖွဲ့အနွဲ့နဲ့ ရေးခဲ့ပါတယ်။ နောက်ပြီးတော့ အဲဒီရကန်အဖွဲ့အနွဲ့နဲ့ပဲ မြန်မာ့စကားနက်အဖွင့်ရကန်ဆိုတာ ရေးခဲ့ပါတယ်။ နောက်တစ်ခါ ဆောင်းပါးလေးတွေတော့ ဟိုးတုန်းက မြဝတီမှာ ရေးခဲ့ပါတယ်။ ၁၀ ပုဒ်၊ ၁၂ ပုဒ်လောက်ရှိမှာပါပဲ။ နောက်ကျတော့ သံတော်ဆင့်မှာ ဆောင်းပါးတွေရေးပါတယ်။ အဲဒီဆောင်းပါးတွေ ပျောက်ပျက်မှာစိုးလို့ စုပေါင်းပြီးတော့ စည်းနဲ့ကမ်းနဲ့ မြန်မာစာဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့ပါတယ်။ အခု နောက်ဆုံးထုတ်တာကတော့ ကကြီး ခခွေး၊ မတတ်သေး၊ လူရေးညံ့တော့သည် ဆိုတဲ့စာအုပ်လေးထုတ်တယ်။ ကျန်တာကတော့ မြန်မာစာအဖွဲ့မှာလိုအပ်တဲ့ စာအုပ်လေးတွေထုတ်ခဲ့တယ်။ အဲဒီလိုနဲ့ စာပေလောကထဲ ဝင်တယ်ပဲထားပါတော့။
ဟိုတုန်းက မြန်မာစာအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးစံလွင်ရယ်၊ ဆရာရယ်၊ ကိုလှမောင် ဆိုတာရယ် သုံးယောက်ပေါင်းပြီးတော့ မြန်မာအသုံးများဆိုတဲ့ စာအုပ်တစ်အုပ်လည်းထုတ်ခဲ့တယ်။ ကျန်တာတော့ တိုတိုထွာထွာစာအုပ်လေးတွေ ထုတ်တာလည်းရှိပါတယ်။ ဆရာက ၁၉၅၈ ခုနှစ်ကနေ တက္ကသိုလ်မှာ မြန်မာစာဆရာအဖြစ်နဲ့ ရောက်လာတယ်။ ၁၉၅၈ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်မှာ မြန်မာစာအဖွဲ့ကို ပြောင်းရတယ်။ မြန်မာစာအဖွဲ့ကိုရောက်ပြီးမှ ၁၉၉၅ ခုနှစ်မှာ သက်ပြည့် အငြိမ်းစားယူခဲ့တယ်။ အဲဒီကနေ မြန်မာစာအဖွဲ့ အဖွဲ့ဝင်အဖြစ်လုပ်တာ အခုချိန်ထိပါပဲ။ တကယ်တမ်းပြောရရင် အသက် (၂၈) နှစ်သားမှာ မြန်မာစာတာဝန်စတင်ထမ်းဆောင်တယ်ဆိုပါတော့။ မြန်မာစာတာဝန် ထမ်းဆောင်တာ သက်တမ်းအားဖြင့် ၆၆ နှစ် ရှိပါပြီ။
ဆရာရဲ့သဘောထားကတော့ မြန်မာစာကို မြန်မာတိုင်း အခြေခံလေးလောက်တော့ သိဖို့လိုတယ်လို့ ထင်ပါတယ်။ မြန်မာမှာ ဗျည်း ဘယ်နှလုံးရှိတယ်၊ သရ ဘယ်နှလုံးရှိတယ်၊ အဲဒီ ဗျည်း၊ သရ တွေကို ပေါင်းစပ်ပြီးတော့ မြန်မာစာပေရယ်လို့ ရေးသားပြုစုထားတာ လူတွေ ဘယ်လောက်သိကြသလဲ။ မြန်မာတွေကိုမေးကြည့်ရင် အခုမြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းရှိတယ်ဆိုပါတော့၊ မေးကြည့်ရင် မြန်မာမှာ ဗျည်းဘယ်လောက်ရှိတယ်၊ သရ ဘယ်လောက်ရှိတယ်ဆိုတာ သေချာ မသိကြဘူးနော်။ အဲဒါတွေက မြန်မာစာရဲ့ အဓိကအခြေခံအနှစ်သာရတွေ။ သတ်ပုံဆိုတာလည်း တကယ်ကို အနှစ်သာရပဲ။ အဲဒါကြောင့် ဆရာ့ရဲ့ခံယူချက်ကတော့ မြန်မာဗျည်း၊ သရဘယ်လောက်ရှိသလဲ သိရမယ်။ အဲဒီ ဗျည်း၊ သရကိုပေါင်းစပ်ပြီးတော့ မြန်မာစာကို ဘယ်လို ဖွဲ့ထားသလဲဆိုတာ သိရမယ်။ ဘာသာတိုင်း၊ ဘာသာတိုင်းမှာ ဗျည်း၊ သရ ဆိုတာရှိတယ်။ သူများတွေကသိပြီး ကိုယ်ကမသိရင် မြန်မာစာနဲ့ ပတ်သက်ပြီးတော့ ကိုယ်အောက်တန်းကျတာပေါ့။ ဒါကြောင့် ဆရာ နောက်ဆုံးရေးခဲ့တဲ့ ကကြီးခခွေး၊ မတတ်သေး၊ လူရေးညံ့တော့သည် ဆိုတဲ့စာအုပ်လေးထုတ်ခဲ့တယ်။ မြန်မာမှန်ရင် မြန်မာစာကိုတော့ သိရမှာပေါ့ဆိုတဲ့သဘောလေးနဲ့ မြန်မာစာကို သိစေချင်၊ တတ်စေချင်တဲ့ သဘောလေးရှိပါတယ်။ အထူးသဖြင့် မြန်မာတိုင်း ဗျည်း၊ သရကို သိပြီးတော့ ကျကျနန သင်ယူလေ့လာစေချင်တဲ့ ဆန္ဒရှိပါတယ်။
ဆရာက အခု အသက် (၈၉) နှစ်ရှိပြီ၊ မကြာခင် (၉၀)ပြည့်တော့မှာပါ။ အဲဒီအချိန်အခါမှာ နိုင်ငံတော်က တစ်သက်တာစာပေဆုဆိုပြီး ပေးပါတယ်။ ဆရာက တစ်သက်တာစာပေဆုတို့၊ ဘာတို့ကို မျှော်လင့်ခဲ့တဲ့သဘောလည်း မရှိပါဘူး။ အခုလိုချီးမြှင့်ပေးတော့လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်”ဟု စာပေပညာရှင်ဆရာကြီး ဒေါက်တာ ထွန်းတင့်က ပြောကြားသည်။
စာပေပညာရှင် ဆရာကြီး ဒေါက်တာထွန်းတင့်အား အဘ ဦးသာကြွယ်- အမိ ဒေါ်ရွှေမ တို့က ၁၉၃၅ ခုနှစ်တွင် ဂန့်ဂေါခရိုင် အနောက်ဂန့်ဂေါရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်း ရှစ်ယောက်အနက် ခြောက်ယောက်မြောက်ဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် ဂန့်ဂေါမြို့ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်၍ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူး (မြန်မာစာ) ဘွဲ့ရရှိခဲ့သည်။ ထိုနှစ်တွင်ပင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ လက်ထောက်ကထိကအဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် ပုသိမ်၊ မကွေး၊ မန္တလေး၊ မော်လမြိုင် ကောလိပ်/တက္ကသိုလ်များတွင် လက်ထောက်ကထိက၊ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် မန္တလေးတက္ကသိုလ်မှ မဟာဝိဇ္ဇာ(မြန်မာစာ)ဘွဲ့ ရရှိခဲ့သည်။ ၁၉၇၄ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းတက္ကသိုလ်တွင် မြန်မာစာပို့ချခြင်း၊ မြန်မာ-တရုတ်အဘိဓာန်ပြုစုခြင်းတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် မြန်မာစာအဖွဲ့ဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ စာတည်း၊ စာတည်းမှူး၊ စာတည်းမှူးချုပ်၊ ညွှန်ကြားရေးမှူး တာဝန်များထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် မြန်မာစာအဖွဲ့ဦးစီးဌာန ညွှန်ကြားရေးမှူးအဖြစ်မှ အငြိမ်းစားယူခဲ့ပြီး ယခုအချိန်အထိ မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ မြန်မာစာကို သိပ္ပံနည်းကျခြေခြေမြစ်မြစ်လေ့လာထားသူဖြစ်ပြီး မြန်မာဝေါဟာရတိုင်း ပေါင်းစည်းခြင်းဟူသော အနက်ရှိသလောဟူသော ခေါင်းစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာပါရဂူဘွဲ့ ရရှိခဲ့သည်။
အာကာလင်း၊ ဓာတ်ပုံ-တင်စိုး