နေပြည်တော် နိုဝင်ဘာ ၂၀
စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ တိုးတက်မှုအခြေအနေနှင့်ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ စက်ရုံမှူး၊ စက်ရုံတည်ဆောက်ရေးစီမံကိန်းတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းသည် နိုင်ငံတော်၏ မဟာဗျူဟာကျသည့် စီမံကိန်းတစ်ခုဖြစ်သဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ခွဲဝေပေးသည့် ဘဏ္ဍာရန်ပုံငွေများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲရန်နှင့် စာရင်းစစ်ကန့်ကွက်ချက်များ မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ အဆင့်မီနည်းပညာဖြစ်၍ စိန်ခေါ်မှုများ ရှိနိုင်သော်လည်း ကျော်လွှားနိုင်ရေး ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရုံး၏ လမ်းညွှန်ချက်များနှင့် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် အချိန်နှင့်တစ်ပြေးညီ စာရင်းစစ်ဆေးခဲ့မှုအခြေအနေကိုလည်းကောင်း၊ စက်ရုံမှူးနှင့် စက်ရုံစီမံကိန်း တည်ဆောက်ရေးအဖွဲ့တို့က နည်းပညာဆိုင်ရာ စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအရ ဆောင်ရွက်ရမည့်လုပ်ငန်း ၄၆၁ ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်လုပ်ငန်း ၁၉၁ ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ငွေအပ်လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်နှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာရန်ပုံငွေများ တင်ပြတောင်းခံရာတွင် စနစ်တကျ စိစစ်တွက်ချက် တင်ပြတောင်းခံသွားရန်၊ ဘတ်ဂျက်ရေးဆွဲရာတွင် ခန့်မှန်းကုန်ကျစရိတ်များကို ဦးစွာတွက်ချက်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်း ကိုင်တွယ်မောင်းနှင်ရမည့် စက်ပစ္စည်းကိရိယာများ၏ ကုန်ထုတ်လုပ်မှုဆောင်ရွက်သည့် နည်းစဉ်၊ စက်တပ်ဆင်မှုလုပ်ငန်းစဉ်၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်စသည်တို့ကို ကျေညက်အောင် လေ့လာသင်ယူထားရန်၊ စီမံကိန်းကြီးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အလေအလွင့်ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်သွားရန် မှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာရှိ တောင်ကြီးခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်