နေပြည်တော် နိုဝင်ဘာ ၂၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ လေကြောင်းစီမံန့်ခွဲရေးဗျူရိုနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံတကာခရီးသွားပြပွဲ (2023 China International Travel Mart) ကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိလည်းကောင်း၊ အာဆီယံ-တရုတ်ဗဟိုဌာနနှင့် မလေးရှားနိုင်ငံ ခရီးသွားလုပ်ငန်း အနုပညာနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် အာဆီယံ-တရုတ် ခရီးသွားလုပ်ငန်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ-၂၀၂၃ကို နိုဝင်ဘာ ၁၈ ရက်တွင်လည်းကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
နိုဝင်ဘာ ၁၆ ရက် ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသော နိုင်ငံအလိုက် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များကို ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးက တွေ့ဆုံနှုတ်ဆက်ပြီး ယူနန်ပြည်နယ်နှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကာ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကူမင်းမြို့ရှိ Kunming Duanchi Convention & Exhibition Centre ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံတကာ ခရီးသွားပြပွဲဖွင့်ပွဲအခမ်းအနားနှင့် (Nihao China) မင်္ဂလာပါ တရုတ်ပြည်အစီအစဉ်တို့ကို တက်ရောက်ခဲ့သည်။ အဆိုပါခရီးသွားပြပွဲကို တရုတ်နိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားထုတ်ကုန်များ၏ ပုံရိပ်ကိုမြှင့်တင်ရန်၊ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန်၊ ခရီးသွားဧည့်သည်များ အပြန်အလှန်သွားလာလည်ပတ်ရာတွင် လွယ်ကူချောမွေ့စေရန်နှင့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများမြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အာဆီယံ - တရုတ်ဗဟိုဌာန အတွင်းရေးမှူးချုပ် မစ္စတာရှီဂျုံကြွင်းနှင့်တွေ့ဆုံ၍ မြန်မာ - တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ သင်တန်းများစီစဉ်ပေးရေး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ကြော်ငြာရေး ကူညီဆောင်ရွက်ပေးရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယူနန်ပြည်နယ်ခရီးစဉ်အတွင်း သတင်းမီဒီယာများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် တရုတ်နိုင်ငံ၊ အထူးသဖြင့် ယူနန်ပြည်နယ်နှင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဖြေကြားခဲ့သည်။
နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Empark Grand Hotel Kumming ၌ ကျင်းပပြုလုပ်သည့် အာဆီယံ- တရုတ်ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အာဆီယံခရီးသွား လုပ်ငန်းမဟာဗျူဟာအစီအစဉ် (၂၀၁၆-၂၀၂၅) အရ အာဆီယံဒေသအား တစ်ပေါင်းတည်းသော ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်လျက်ရှိရာတွင် အာဆီယံဒေသသို့ ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်ရေးကို မဟာဗျူဟာလုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်လျက်ရှိပါကြောင်း၊ ၎င်းမဟာဗျူဟာလုပ်ငန်းစဉ်အား အကောင်အထည်ဖော်ဆောင်မှုတစ်ရပ်အနေဖြင့် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ အာဆီယံ+၃ နိုင်ငံများတွင် ယခုကဲ့သို့ ဆွေးနွေးပွဲများ အလှည့်ကျကျင်းပပြုလုပ်နိုင်ရေးအတွက် ကူညီထောက်ပံ့မှုများပေးသည့် အာဆီယံ - တရုတ်ဗဟိုဌာန၊ အာဆီယံ - ဂျပန် ဗဟိုဌာနနှင့် အာဆီယံ - ကိုရီးယားဗဟိုဌာနတို့အား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ များစွာရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံဒေသ၊ အထူးသဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်မီမီထွန်းက မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအခြေအနေများနှင့်စပ်လျဉ်း၍ Power Point Presentation ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံတကာခရီးသွားပြပွဲသည် လွန်ခဲ့သော ၂၅ နှစ်မှ စတင်ကျင်းပခဲ့သော ကမ္ဘာ့တတိယအကြီးဆုံးခရီးသွားပြပွဲဖြစ်ပြီး ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံတကာခရီးသွားပြပွဲသည် BRI (Belt & Road Initiative) ၏ ၁၀ နှစ်မြောက်နှစ်ပတ်လည်နှစ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် “Nihao China” မင်္ဂလာပါ တရုတ်ပြည်အစီအစဉ်ဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခရီးသွားများကို ဖိတ်ခေါ်ရန်ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်၊၊
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကူမင်းမြို့မှ ရန်ကုန်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်