Skip to main content

(၃၄) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၀

(၃၄) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRC) ကို ၁၉၉၁ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး ကမ္ဘာ့ ကလေးများနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ၃၁ နှစ်ရှိပြီဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ယခုနှစ် ကမ္ဘာ့ကလေးများနေ့အတွက် ချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “For every child, every right” (အခွင့်အရေးအားလုံးရရှိရေး ကလေးငယ်တိုင်းအတွက် ဖော်ဆောင်ပေး)  ဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကို ကမ္ဘာပေါ်ရှိ ကလေးများအားလုံး ရရှိခံစားနိုင်ရန်၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ တန်းတူညီမျှပါဝင်ဆောင်ရွက်နိုင်ရန် တိုက်တွန်းလှုံ့ဆော်ထားခြင်းဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ မွေးရာပါ အခွင့်အရေးမဆုံးရှုံးစေရန်၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို မိဘများ၊ ကလေးများနှင့် ပြည်သူလူထုတစ်ရပ်လုံး သိရှိရန်နှင့် ကလေးတိုင်းလက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန်အတွက် တာဝန်ရှိသူအားလုံး စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ကလေးသူငယ်အခွင့်အရေးများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။

ယင်းနောက် နေပြည်တော် ကလေးပြုစုရေးဌာနနှင့် မူလတန်းကြိုကျောင်းများရှိ ကလေးများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဌာနငယ်/ သင်တန်းကျောင်းများမှ ကလေးများက တေးသီချင်းများဖြင့် သရုပ်ဖော်တင်ဆက်ကပြရာ ပြည်ထောင်စုဝန်ကြီးက ဆုများ ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ ကျင်းပသည့် သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက ဘေးသင့်သူများအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် စားရေရိက္ခာ၊ အရေးပေါ်အမိုးအကာနှင့် အသုံးအဆောင်ပစ္စည်းများ လျင်လျင်မြန်မြန် ထောက်ပံ့ရေးသည် အလွန်အရေးကြီးကြောင်း၊ ထိုသို့ ထောက်ပံ့နိုင်ရေး ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ထောက်ပံ့ရေးပစ္စည်းများကို ကြိုတင်ဝယ်ယူစုဆောင်း သိုလှောင်ပြီး ဘေးဖြစ်ပွားရာဒေသသို့ အနီးစပ်ဆုံးနေရာမှ အမြန်ဆုံးထောက်ပံ့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။

ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့) အနေဖြင့် အောက်မြန်မာပြည်တွင်ရှိသည့် သိုလှောင်ရုံပေါင်း ၆၃ ရုံ၊ ဗဟိုသိုလှောင်ရုံ (မန္တလေးမြို့) အနေဖြင့် အထက်မြန်မာပြည်တွင်ရှိသည့် သိုလှောင်ရုံပေါင်း  ၈၂ ရုံ တို့သို့ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ သိုလှောင်ရုံများအား စနစ်တကျစီမံခန့်ခွဲနိုင်ရေး၊ ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ရုံများတွင် ထိန်းသိမ်းထားရှိစဉ် ကာလအတွင်း မလိုလားအပ်သည့် လေလွင့်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် မမျှော်မှန်းနိုင်သည့်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ အရေးယူဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်း (၂/၂၀၂၃) သို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၀ တက်ရောက်မည်ဖြစ်ပြီး ငါးရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်