Skip to main content

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၀

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ပေါက်မြောက်အောင်မြင်စေရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဦးချင်း လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ရုံးချုပ်ရှိ ဝန်ထမ်းသစ်များနှင့် နေ့စားဝန်ထမ်းများအား လေ့ကျင့်ရေးသင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းများနှင့် ခရိုင်၊ မြို့နယ်၊ မြို့ရုံးများရှိ ဝန်ထမ်းများအား Digital Library Management System (DLMS) အသုံးပြုနည်း၊ အခြေခံစာကြည့်တိုက်ပညာ၊ အသစ်ခန့်အပ်သည့် ဒုတိယဦးစီးမှူးများအား လုပ်ငန်းခွင်အကြိုလေ့ကျင့်ရေးသင်တန်း၊ ဓာတ်ပုံ ရိုက်ကူးတည်းဖြတ်နည်းသင်တန်းများကို ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ကြောင်း။

ဌာန၏လုပ်ငန်းများကို အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ဦးတည်၍ သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းတွင် ဝန်ထမ်းများအား စီမံခန့်ခွဲရေးနှင့် ငွေစာရင်းဆိုင်ရာလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်စေရေးအတွက် ဦးစီးဌာန လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဘာသာရပ်၊ ရုံးလုပ်ငန်းလက်စွဲဘာသာရပ်၊ ဘဏ္ဍာရေးစည်းမျဉ်းဘာသာရပ်၊ ငွေစာရင်းထိန်းသိမ်းနည်းဘာသာရပ်၊ ဝန်ထမ်းရေးရာနှင့် ပြင်/ထိန်းလုပ်ငန်းများဘာသာရပ်နှင့် စာရင်းစစ်ကန့်ကွက်ချက် မဖြစ်ပေါ်စေရေး ဘာသာရပ်များ၊ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများအား ခေတ်စနစ်နှင့်အညီ ဝန်ဆောင်မှုပေးနိုင်ရန် ပြည်သူ့စာကြည့်တိုက် စီမံခန့်ခွဲရေးလုပ်ငန်းများ ဘာသာရပ်၊ Digital library Management System အသုံးပြုနည်းဘာသာရပ်တို့ကို ပို့ချပေးမည်ဖြစ်ကြောင်း။

ထို့ပြင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု (MIL) ဘာသာရပ်၊ Talk Show ဗီဒီယိုနှင့်သတင်းဗီဒီယို တည်းဖြတ်ခြင်း၊ ဘာသာရပ်နှင့် လူမှုမီဒီယာအကြောင်းသိကောင်းစရာဘာသာရပ်၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဘာသာရပ်နှင့် လူမှုမီဒီယာအကြောင်းသိကောင်းစရာဘာသာရပ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း၊ သတင်းမီဒီယာဥပဒေနှင့် နည်းဥပဒေဘာသာရပ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခွဲဆိုင်ရာ လုပ်ငန်းများ၊ ထုတ်လုပ်ရေးလုပ်ငန်းများ၊ ရုပ်ရှင်နှင့် ဗီဒီယိုကြီးကြပ်ရေးလုပ်ငန်းများစသည့် ဌာနခွဲများ၏ လုပ်ငန်းများဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ပို့ချသည့်ဘာသာရပ်များသည် ဌာန၏လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် လက်တွေ့အသုံးပြုရမည်များကို ထည့်သွင်းပို့ချပေးခြင်းဖြစ်သဖြင့် သင်တန်းက သင်ကြားပေးလိုက်သည့် ပညာရပ်များကို လေ့လာမှတ်သား ကြိုးစားလုပ်ဆောင်ကြရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးများမှ ဦးစီးအရာရှိ ၃၁ ဦး တက်ရောက်ကြပြီး သင်တန်းကို နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်