Skip to main content

အလုပ်သမားဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်လှစ်

နေပြည်တော်  နိုဝင်ဘာ ၂၀

အလုပ်သမားဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ စုစုပေါင်း ၉၃ ဦး တက်ရောက်ကြသည်။

ဖွင့်လှစ်ပို့ချ

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းသာမက နိုင်ငံတကာနှင့်ပါ ယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်သားထုတစ်ရပ် ပေါ်ထွန်းလာစေရန် မျှော်မှန်းချက်ထားရှိကာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို လုပ်ငန်းကဏ္ဍအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းများတွင် လုပ်သားဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီသော ကျွမ်းကျင်မှုသင်တန်းများဖြစ်သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ လေအေးပေးစက်တပ်ဆင်ပြုပြင်ခြင်းသင်တန်း၊မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ Air Compressor ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် ကြွေပြားကပ်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း။

စိတ်ပါဝင်စားစွာသင်ယူ

သင်တန်းသားများအနေဖြင့် လျှပ်စစ်လုပ်ငန်းတွင် ကျွမ်းကျင်မှုရှိစေရန် အခြေခံကျသော စာတွေ့/ လက်တွေ့သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့် သင်ယူကြရန်လိုကြောင်း၊ သင်တန်း ဆင်းပြီးပါကလည်း NSSA အသိအမှတ်ပြုကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများတွင် ဝင်ရောက်ဖြေဆို၍ ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များရရှိကာ လုပ်ခလစာတိုးမြှင့်ရရှိခြင်း၊ ရာထူးအဆင့်တိုးမြှင့်ခြင်း၊ ဝင်ငွေတိုးတက်လာခြင်းစသော ရလဒ် ကောင်းများ ရရှိခံစားရမည်ဖြစ်၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များတွင် ဝင်ရောက်ဖြေဆိုကြရန် တိုက်တွန်းပြောကြားသည်။

 ကြည့်ရှု

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်တို့က အမှာစကားများပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း၌ ပို့ချမည့် အထောက်အကူပြုပစ္စည်းများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်