Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၃) သင်တန်းဖွင့်

နေပြည်တော် နိုဝင်ဘာ ၂၀

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၃) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် အဓိကကျသော ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရသည့် အခြေခံပညာဆရာ၊ ဆရာမများ၏ အရည်အသွေးမြင့်မားတိုးတက်ရန်၊ သင်ကြားရေးလုပ်ငန်းများကို  တည်တည်ငြိမ်ငြိမ် မှန်မှန်ကန်ကန်ဖြင့် စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်တတ်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော ပညာတတ်လူ့စွမ်းအာအရင်းအမြစ်များ မွေးထုတ်ပေးနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။

သင်တန်းတွင် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပညာရေးဆိုင်ရာမူဝါဒများ၊ စီမံကိန်းများနှင့် လက်တွေ့လုပ်ငန်း ဆောင်ရွက်ချက်များအပြင် ကျန်းမာရေးဝန်ကြီးဌာနကလည်း  ဆွေးနွေးပို့ချပေးသွားမည်ဖြစ်သကဲ့သို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ရှိ ပညာဌာန (၈) ခုမှ ဆရာ၊ဆရာမ များနှင့် တာဝန်ရှိသူများကလည်း သက်ဆိုင်ရာဘာသာရပ်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ကျင့်ဝတ်စံတန်ဖိုးဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကို အထောက်အကူပြုစေမည့် သင်ခန်းစာများကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်သည့်အတွက် မိမိတို့၏ သင်ကြားရေးဆိုင်ရာအရည်အသွေးများ မြင့်မားထက်မြက်လာစေရေး စိတ်ဝင်တစား လေ့လာသင်ယူသွားကြရန် မှာကြားလိုကြောင်း  ပြောကြားသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၁၅၃ ဦး၊ သင်တန်း သူ ၃၉၅ ဦး စုစုပေါင်း ၅၄၈ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ငါးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်