နေပြည်တော် နိုဝင်ဘာ ၂၀
ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကွင်းဝိုင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၉၇ ဦးအား အဆိုပါကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၁၆၃ ဦး၊ ခွဲစိတ်ရောဂါ ၃၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၂ ဦး၊ ကလေးရောဂါ ၃၀ ဦး၊ အရိုးရောဂါ ၅၅ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၂၅ ဦး၊ မျက်စိရောဂါ ၁၀၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၉ ဦး၊ မျက်စိခွဲစိတ်လူနာ ၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၄ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ထို့နောက် မျက်စိခွဲစိတ်လူနာများအား မျက်မှန်များ တပ်ဆင်ပေးအပ်ကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
အလားတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ လက်ပံသာယာကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၄၇ ဦးအား အဆိုပါကျေးရွာရှိ သာသနာအောင်ကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၅၀ ဦး၊ ခွဲစိတ်ရောဂါ ၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄ ဦး၊ ကလေးရောဂါ ၈ ဦး၊ အရိုးရောဂါ ၄၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅ ဦး၊ မျက်စိရောဂါ ၂၄ ဦး နှင့် သွားရောဂါ ၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် မျက်စိခွဲစိတ်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုကြားသိခဲ့ရပါသည်-
ဒေါ်တင်မေ
(ကွင်းဝိုင်းကျေးရွာ၊ သံတွဲမြို့နယ်)
တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ လာတယ်ဆိုလို့ ကွင်းဝိုင်းကျေးရွာကနေ ဆေးလာကုတာပါ။ ဆီးချိုရောဂါဖြစ်နေတာကတော့ ကြာပါပြီ။ ၁၀ နှစ်လောက်ရှိပါပြီ။ သည်းခြေမှာ ကျောက်တည်တာက ငါးနှစ် ခြောက်နှစ်လောက် ရှိပါပြီ။ သက်သာလိုက် ပြန်ပေါ်လိုက် ဖြစ်နေတော့ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ကို လာပြတာပါ။ နံကြိုနံကြားက အောင့်တယ်။ ဆီးချိုတွေ တက်လာပြီဆိုရင် ခေါင်းတွေမူးတယ်၊ ရင်ထဲမှာပူပြီးတော့ နေလို့မရထိုင်လို့မရ၊ ရီဝေထိုင်းမှိုင်းပြီး မျက်စိတွေဆိုရင်လည်း ဘာမှမမြင်တော့ဘူး။ အဲဒီလိုတွေဖြစ်တာပါ။ အပြင်မှာဆိုတော့လည်း ငွေရေးကြေးရေး ကမတတ်နိုင်ဘူးလေ။ ဆေးတောင်မှ ငွေရေးကြေးရေးအခက်အခဲကြောင့် တစ်လစာမဝယ်နိုင်တော့ဘူး။ အခုလိုအဘွားတို့ကို အခမဲ့လာရောက်ကုသပေးတဲ့အတွက် ဆေးဝါးကအစ စမ်းသပ်မှုတွေအဆုံး ကုသပေးလို့ ပါရဂူကြီးတွေ၊ ဒေါက်တာကြီးတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ အခုလိုစီစဉ်ပေးတဲ့ တပ်မတော်အကြီး အကဲနဲ့တကွ ဆရာဝန်ကြီးများ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါ်သူဇာအောင်
(ကျောင်းအုပ်၊ အလက(ဝဲကြီး))
ဆရာမကတော့ အခြေခံပညာအလယ်တန်းကျောင်း (ဝဲကြီး) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာ အောင်ပဲ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖများက အသံချဲ့စက်နဲ့ ဝဲကြီးကျေးရွာမှာ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့လာရောက်ကုသပေးမှာဖြစ်တဲ့အတွက် လာရောက်ပြသရခြင်း ဖြစ်ပါတယ်။ အခုလို လာရောက်ကုသတဲ့အခါမှာ ရောဂါကတော့ အဖုအကျိတ်ပေါက်လို့ လာရောက်ပြသရခြင်းဖြစ်ပါတယ်။ ဆရာမတို့က တာဝန်တွေနဲ့ဆိုတော့ မြို့ကိုသွားပြီး ဆေးရုံ၊ ဆေးခန်းတွေ သွားရောက်ပြသဖို့ကြတော့ အဆင်မပြေဖြစ်တယ်။ အခုလိုမျိုး တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ကနေ ဒီကိုလာရောက်ကုသပေးတဲ့အတွက် အများကြီးအဆင်ပြေချောမွေ့ပြီး ကုဖြစ်သွားတယ်။ ဝင်လာတာနဲ့ ဘာရောဂါဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ စသည်ဖြင့် နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုကြပါတယ်။ ဒီမှာလည်း သူ့နေရာနဲ့ သူစီစဉ်ထားတာ တွေ့ရပါတယ်။ ခွဲစိတ်လူနာပြသရမယ့်နေရာ၊ အထွေထွေရောဂါပြသရမယ့်နေရာ၊ ဆေးပေးခန်းဆိုလည်း ဆေးပေးခန်း သူ့နေရာနဲ့သူ စီစဉ်ထားတဲ့အတွက် ပြသတဲ့နေရာမှာလည်းပဲ အဆင်ပြေချောမွေ့ပါတယ်။ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့လာရောက်ဖို့ အခုလိုစီစဉ်ဆောင်ရွက်ပေးတဲ့အတွက်ကြောင့် အထူးပဲကျေးဇူးတင်ပါတယ်။ အခုလိုကျေးလက်ဒေသတွေအထိ ကုသနိုင်အောင် စီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း အင်မတန်မှ အထူးပဲဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကျေးဇူးတင်ရှိပါတယ်။ အခုလိုမျိုး လာရောက်ကုသနိုင်အောင် လုပ်ဆောင်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ဆေးကုသပေးတဲ့ဆရာဝန်တွေလည်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးပါတယ်။
သတင်းစဉ်
