မန္တလေး နိုဝင်ဘာလ ၂၀
မြန်မာ့ပြည်တွင်းအရေးကို ဝင်ရောက်စွက်ဖက်နေသူများအား ရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၂×၆၆ လမ်းကြား၊ ၁၁×၁၂ လမ်းကြားရှိ နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒမုနိဘုရားအရှေ့မုခ်၌ ပြုလုပ်ခဲ့သည်။
အဆိုပါရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို အမျိုးသားရေးဦးဆောင်ဆရာတော် ဉူးစန္ဒာသီရိ ဦးဆောင်သည့် သံဃာတော်များနှင့် ပြည်သူအင်အား ၂၀၀ ဦးခန့်တို့က ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး "ပြည်ထောင်စုကို စုပေါင်းကာကွယ်ကြ၊ Our Country, Our Union, Our internal affairs ၊ ဒါငါတို့ တိုင်းပြည်၊ ဒါငါတို့ ပြည်ထောင်စု၊ ဒါငါတို့ ပြည်တွင်းရေး၊ အမိမြေကို ကာကွယ်ကြ (Let's Protect Our Motherland)၊ အရှေ့မြောက်ဒေသမှာ ငြိမ်းချမ်းရေးပန်းတွေ ပွင့်လန်းပါစေ၊ ငါတို့ရဲ့ ပြည်တွင်းရေးကို စွက်ဖက်နေတာ ဘယ်သူလဲ၊ မျိုးချစ်လူငယ်ကာကွယ်ရေးအဖွဲ့၊ အမိမြေကို ကာကွယ်ကြ၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်သူများအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုပြိုကွဲမည့်အကြံ ဒို့လက်မခံ" စသည့် စာသားများပါ ဗွီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်၍ "ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သူ ဒို့ရန်သူ ၊ ပြည်ထောင်စုကို ဖြိုခွဲမည့်အကြံ-ဒို့လက်မခံ၊ အကြမ်းဖက်အဖွဲ့အစည်းများကို ပံ့ပိုးပေးနေသူ ဒို့ရန်သူ၊ ပြည်ပအားကိုး ပုဆိန်ရိုးများ အလိုမရှိ၊ မြန်မာပြည်တဝှမ်းမှာ ငြိမ်းချမ်းရေးပန်းများ - ပွင့်လန်းပါစေ" စသည်ဖြင့် ကြွေးကြော်ရှုတ်ချ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။
