Skip to main content

ပြည်ပသို့ တင်ပို့လျက်ရှိသည့် လားရှိုးမြို့ လွယ်လွမ့်ကျေးရွာရှိ ရှမ်းရိုးရာ တိုးနရား၊ ကိန္နရီ၊ ကိန္နရာနှင့် တူရိယာလုပ်ငန်း

နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသအတွင်း ထွက်ရှိသည့် ကုန်ကြမ်းများအပေါ် အခြေခံ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးအားပေးမြှင့်တင်နိုင်ရန် One Region One Product အစီအစဉ်များကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လားရှိုးမြို့ လွယ်လွမ့်ကျေးရွာရှိ ရှမ်းရိုးရာ တိုးနရား၊ ကိန္နရီ၊ ကိန္နရာနှင့် တူရိယာလုပ်ငန်းရှင် ဦးစိုင်းမောဝ်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်။

မေး။   ။        ရှမ်းရိုးရာ တိုးနရား၊ ကိန္နရီ၊ ကိန္နရာနှင့် တူရိယာလုပ်ငန်းကို ဘယ်အချိန်က စတင်ဆောင်ရွက်ခဲ့ပါသလဲ။

ဖြေ။    ။        ၂၀၀၀ ပြည့်နှစ်လောက်မှာ ကျွန်တော်တို့ မိဘတွေလက်ထက်က စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှာ ကျွန်တော်တို့ အမွေဆက်ခံ ဆက်လက်ဆောင်ရွက် ခဲ့ပါတယ်။

မေး။   ။        လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် အသုံးပြုတဲ့ကုန်ကြမ်းတွေကို သိပါရစေ။

ဖြေ။    ။        ရှမ်းရိုးရာ တိုးနရား၊ ကိန္နရီ၊ ကိန္နရာနဲ့ အိုးစည်၊ ဗုံမောင်းတွေ ဆောင်ရွက်ဖို့အတွက် ပိုးမထိုးတဲ့ ယမနေသား၊ အဆစ်ပိတ်ဝါးမျိုးဖြစ်တဲ့ ဝါးနက်၊ နွားသားရေ၊ လျှော်ကြိုးတွေ၊ ကြေးနန်းကြိုးတွေ၊ သင်္ဘောဆေးတွေ၊ ကတ္တီပါစ တွေ၊ သိုးမွေးစတွေ၊ အလှဆင်ဘော်ကြယ်တွေနဲ့ ဇာကပ်ပန်းတွေ လိုအပ်ပါတယ်။

မေး။   ။        ရှမ်းရိုးရာတိုးနရားလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို သိပါရစေ။

ဖြေ။    ။        တိုးနရားဆောင်ရွက်ဖို့အတွက် ပထမဦးဆုံး ဝါးနက်အရင့်ကို ပိုးမထိုးအောင် မီးမြှိုက်ရပါတယ်။ မီးမြှိုက်ပြီးတဲ့အခါမှာ တိုးနရား ရဲ့ခန္ဓာကိုယ်ရရှိအောင် ပေါင်ခွေရပါတယ်။ တစ်ချိန် တည်းမှာပဲ တိုးနရားဦးခေါင်းအတွက် ယမနေသားကို တိုးနရားဦးခေါင်းပုံဖော်ပြီး တစ်နှစ်ခန့် အခြောက်ခံထားတဲ့ ဦးခေါင်းအကြမ်းထည်ကိုမှ ကော်ပတ်စားပြီး အဆင့်ဆင့်ဆေးမှုတ်ဆောင်ရွက် ရပါတယ်။ အမျိုးသမီးလုပ်သားတွေအနေနဲ့ကတော့ တိုးနရားရဲ့ခန္ဓာကိုယ်အတွက် ကတ္တီပါစ သို့မဟုတ် သိုးမွေးစတွေကို အလှဆင်ချုပ်လုပ်ရပါတယ်။ တိုးနရားတစ်ကောင်ရရှိဖို့အတွက် လုပ်သားငါးဦး ခန့်လိုအပ်ပြီး လေးရက်ငါးရက်ခန့် အချိန်ယူ ဆောင်ရွက်ရပါတယ်။

မေး။   ။        ရှမ်းရိုးရာ ကိန္နရီ၊ ကိန္နရာလုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်ကိုလည်း သိပါရစေ။

ဖြေ။    ။        ကိန္နရီ၊ ကိန္နရာ ဆောင်ရွက်ဖို့အတွက်ဆိုရင်လည်း ဝါးဆစ်ပိတ်ဝါးမျိုးဖြစ်တဲ့ ဝါးနက်ကိုပဲ ပိုးမထိုးအောင် မီးမြှိုက်ဆောင်ရွက်ရ ပါတယ်။ အရင်ဆုံး ကိန္နရီ၊ ကိန္နရာရဲ့ ကိုယ်ထည်ရရှိ အောင်ဖဲစ သို့မဟုတ် ဇာစတွေကို ဘော်ကြယ်တွေထိုးပြီး အလှဆင်ချုပ်လုပ်ရပါတယ်။ အရောင်အနေ နဲ့ကတော့ ဝယ်ယူသူတွေအကြိုက် ချုပ်လုပ်ပေးပါတယ်။ အများအားဖြင့် ရွှေဝါရောင်နဲ့ အစိမ်းရောင်တွေ မှာယူမှုများပါတယ်။ တောင်ပံအနေနဲ့ကတော့ ကတဲ့အခါမှာ အနေတော်ဖြစ်အောင် တောင်ပံလေးထပ် ချုပ်လုပ်ပေးပါတယ်။ ချုပ်လုပ်ထားတဲ့ တောင်ပံတွေထဲကို ဝါးချောင်းလေးတွေ ထည့်သွင်းပြီး ထိပ်မှာ သိုးမွေးလုံးတွေနဲ့ ထပ်မံအလှဆင်ရပါတယ်။ ကိန္နရီ၊ ကိန္နရာကတဲ့အခါမှာ ခိုင်ခံ့မှုရှိစေဖို့အတွက် ခါးနဲ့လက်မှာချည်ဖို့ ကြိုးတွေကိုလည်း တပ်ဆင်ရပါတယ်။ တော်တော်လေးကို အနုစိတ် ဆောင်ရွက်ရတဲ့ လက်မှုလုပ်ငန်းဖြစ်ပါတယ်။

မေး။   ။        ရှမ်းရိုးရာအိုးစည်၊ ဗုံမောင်းအမျိုးအစားတွေနဲ့ ဆောင်ရွက်ပုံအဆင့်ဆင့်ကိုလည်း သိပါရစေ။

ဖြေ။    ။        အိုးစည်သားအတွက်တော့ ယမနေသစ်ကို အသုံးပြုပါတယ်။ အခြောက်ခံထား တဲ့သစ်လုံးကို လိုအပ်တဲ့ အရွယ်အစားအတိုင်း စက်နဲ့ထွင်းပါတယ်။ ပြီးရင် ကော်ပတ်စား၊ သင်္ဘော ဆေး သုတ်ပါတယ်။ နွားသားရေကို လိုအပ်တဲ့ အတိုင်းအတာရရှိအောင် ဖြတ်တောက်ပြီး အမျှင် မရှိအောင် ကော်ပတ်စားပါတယ်။ ပြီးရင် ရေစိမ်ပြီး နိုင်လွန်ကြိုးနဲ့ သားရေကို တင်းအောင်ဆွဲပြီး အခြောက်ခံပါတယ်။ ပြီးတော့ ဗုံမျက်နှာပြင်မှာ တပ်ဆင်ပါတယ်။ အိုးစည်အမျိုးအစားအနေနဲ့က တော့ အမျိုးသားတွေတီးခတ်တဲ့ ခုနစ်ပေ၊ ခြောက်ပေ အမြင့်ရှိတဲ့ ဗုံရှည်အမျိုးအစားနဲ့ အမျိုးသမီးတွေ တီးခတ်တဲ့ မျက်နှာပြင်တစ်ဖက်တီး ဗုံတိုနဲ့ မျက်နှာပြင်နှစ်ဖက်တီး ဗုံတိုတွေဖြစ်ပါတယ်။ ဗုံရှည်တစ်လုံး ရရှိဖို့အတွက် လုပ်သား ငါးဦးခန့်လိုအပ်ပြီး လေးရက် ငါးရက်ခန့် အချိန်ယူ ဆောင်ရွက်ရပါတယ်။ မောင်းဆိုင်းအနေနဲ့ကတော့ သုံးလုံး၊ ငါးလုံး၊ ခြောက်လုံး၊ ခုနစ်လုံးဆိုင်းဆိုပြီးရှိပါတယ်။ မောင်းဆိုင်းမှာတပ်ဆင်ဖို့အတွက် မောင်းကိုလိုအပ်တဲ့ အရွယ်အစားအလိုက် မန္တလေးက မှာယူတပ်ဆင်ပါတယ်။ လိုအပ်တဲ့လင်းကွင်းကိုလည်း မန္တလေးကပဲ လှမ်းပြီးမှာယူပါတယ်။

မေး။   ။        ရှမ်းရိုးရာ တိုးနရား၊ ကိန္နရီ၊ ကိန္နရာနဲ့ တူရိယာပစ္စည်းတွေကို ဘယ်ဒေသတွေက အဓိက ဝယ်ယူကြပါသလဲ။ ပြည်ပကိုပို့တာ တွေရှိပါသလား။

ဖြေ။    ။        ပြည်တွင်းအနေနဲ့ကတော့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့တွေ၊ ရှမ်းပြည် နယ်မြောက်ပိုင်းက မြို့တွေ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာဆိုရင် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းလား၊ တာလေ၊ မြန်မာနိုင်ငံအတွင်းမှာ ရှမ်းတိုင်းရင်းသားတွေအနေများတဲ့ ကချင်ပြည်နယ်၊ ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကလည်း မှာယူကြပါတယ်၊၊ ပြည်ပအနေနဲ့ကတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ထိုင်းနိုင်ငံတို့က မှာယူကြပါတယ်။

မေး။   ။        ဒီလုပ်ငန်းကို တစ်နှစ်ပတ်လုံး ဆောင်ရွက်ပါသလား။ ဘယ်အချိန်တွေမှာ ရောင်းအားအကောင်းဆုံးပါလဲ။

ဖြေ။    ။        တစ်နှစ်ပတ်လုံးဆောင်ရွက်တာဖြစ်ပါတယ်။ ရောင်းအားအကောင်းဆုံး အချိန်တွေကတော့ ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပချိန်၊ သီတင်းကျွတ်ပွဲတော်ချိန်၊ ဝါကျွတ် ပွဲတော်ချိန်တွေမှာပဲ ရောင်းအားကောင်းပါတယ်။ ရှမ်းရိုးရာ တိုးနရား၊ ကိန္နရီ၊ ကိန္နရာအကတွေကို ကျွန်တော်တို့ ရှမ်းလူမျိုးတွေက မြင့်မြတ်တဲ့ဘာသာ ရေးပွဲတော်တွေမှာပဲ အဓိကထား ကပြလေ့ရှိကြ ပါတယ်။

မေး။   ။        ဒီလုပ်ငန်းကို လုပ်သားအင်အား ဘယ်နှဦးနဲ့ လည်ပတ်ဆောင်ရွက်နေ ပါသလဲ။

ဖြေ။    ။        ကျွန်တော်တို့ မိသားစုဝင်တွေနဲ့အတူ လုပ်သားအင်အား ၁၅ ဦးခန့်နဲ့ တစ်နှစ် ပတ်လုံး လည်ပတ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုး ပြုနေသည်သာမက တိုင်းရင်းသားရိုးရာ လက်မှုပစ္စည်းများ မတိမ်ကောစေရေးအတွက် ခေတ်နှင့် လျော်ညီစွာ တီထွင်ဖန်တီးပြုလုပ်နေသည့် ရှမ်းရိုးရာ တိုးနရား၊ ကိန္နရီ၊ ကိန္နရာနှင့် တူရိယာ ပစ္စည်းလုပ်ငန်းများအကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။    ။

တွေ့ဆုံမေးမြန်း-နန်းသန္တာဦး

ဓာတ်ပုံ-စိုင်းထွန်း(လားရှိုး)