မန္တလေး နိုဝင်ဘာ ၁၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် ယမန်နေ့နံနက်ပိုင်းက အိန္ဒိယသမ္မတနိုင်ငံ၏ နည်းပညာအထောက်အပံ့ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့သော မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology- MIIT)၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရည်ရွယ်ဆောင်ရွက်
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက သုတေသန လုပ်ငန်းများကို ပြည်သူများ၏ လူမှုဘဝမြှင့်တင်မှု မှသည် ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်၊ စွန့်ဦးတီထွင်လုပ်ငန်းများ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံ့စီးပွားမြှင့်တင်ရာတွင် အထောက်အကူပြုနိုင်ရန်အထိ ရည်ရွယ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ IT နည်းပညာများ နောက်ကျမကျန်ခဲ့ရအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပရှိ ဆက်စပ် တက္ကသိုလ်/ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်း များ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်၊ စာသင်ခန်းများနှင့် သိပ္ပံလက်တွေ့ခန်းများတွင် ကျောင်းဖွင့်ချိန်မတိုင်မီ ပြင်ဆင်ထားမှုများ၊ Robotics Lab ၊ Communication Lab ၊ Embedded System Lab ၊ Control System Lab ၊ Computer Networking Lab ၊ Electronics Lab နှင့် အခြား Lab တို့တွင် လက်တွေ့သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှုများ၊ ကျောင်းသား ကျောင်းသူများ၏ သုတေ သနများဖြစ်သည့် Online Book Store System ၊ Online Flight Ticket Reservation System ၊ Smart HR System ၊ Electronic Product Recommendation System နှင့် အခြားသုတေသနများကို ကြည့်ရှုစစ်ဆေးပြီး AI ဆိုင်ရာ သုတေသနများ၊ ပြန်ပြည့်မြဲ စွမ်းအင်အခြေပြု Smart Grid နှင့် EV များတွင် အသုံးပြုသည့် IT သုတေသနများ၊ Cyber Security ဆိုင်ရာ သုတေသနများကို ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
