Skip to main content

ဥတ္တရသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရွှေနံ့သာ နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေနံ့သာ ပေ (၁၄၀ x ၃၀) RCC နှစ်ထပ်ကျောင်းဆောင် သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကောင်စီဝင်များနှင့် နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးတို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ် ကမ္ပည်း မော်ကွန်းကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးကဏ္ဍ၊ ပညာရည်မြင့်မားရေးသည် အရေးကြီးကြောင်း၊ ကျောင်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အားလုံး က ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်လိုကြောင်း၊ နေပြည်တော်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းများအပြင် အဆင့်မြင့်တက္ကသိုလ်များ ဖွင့်လှစ်ထားရှိပြီးဖြစ်သဖြင့် ပညာသင်ကြားရေး အခွင့်အလမ်းများများစွာရရှိနေပြီ ဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ ကျောင်းများအားလုံး Clean School၊ Green School မှသည် Smart School ကျောင်းများအဖြစ်သို့ ဖော်ဆောင်သွားကြရန်နှင့် ထိုမှတစ်ဆင့် Clean City၊ Green City မှသည် Smart City အဖြစ်သို့ အဆင့်ဆင့်တက်လှမ်း ပြောင်းလဲရန် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် Thant Star ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေဂျင် ဒါရိုက်တာက ကျောင်းအုပ်ဆရာမ ကြီးထံ ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ပြီး နေပြည်တော် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူများ အား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရွှေနံ့သာ ကျောင်းဆောင်သစ်လွှဲအပ်ပွဲ အထိမ်းအမှတ်အလံကို ပေးအပ်ကာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေနံ့သာကျောင်းအုပ်ဆရာမကြီးက ကျောင်းဆောင် သစ်လွှဲပြောင်းပေးအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် စာသင်ဆောင်များအတွင်း လှည့်လည်ကြည့်ရှုပြီး အဆိုပါကျောင်း၌ ဒေသခံရပ်မိ ရပ်ဖများနှင့်တွေ့ဆုံကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားမြင့်မားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ သောက်သုံးရေလုံလောက်စွာ ရရှိရေး၊ နိုင်ငံသားစိစစ် ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူသည့် လုပ်ငန်းစဉ်များတွင် ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာရှိ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ရာဇဓာနီသာမဏေ ကျော်ကျောင်းတိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တတေဇောဘာသအား သွားရောက်ဖူးမြော်ပြီး သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်အတွင်း ဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်