Skip to main content

နေပြည်တော် ဇေယျာသီရိမြို့နယ် အသေးစား မျှစ်ခြောက်ကုန်ထုတ်စက်ရုံမှ ထုတ်လုပ်သည့် မျှစ်ခြောက်များ ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် စက်ကုန်းကျေးရွာတွင် စိမ်းလဲ့မြေသမဝါယမအသင်းနှင့် နရိန္ဒြာကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော စီးပွားဖြစ် အသေးစားမျှစ်ခြောက်ကုန်ထုတ်စက်ရုံမှ ထုတ်လုပ်သည့် မျှစ်ခြောက်ထုတ်ကုန်ပစ္စည်းများကို ပြည်ပဝယ်လိုအားကြောင့် နှစ်စဉ်ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံများသို့လည်း တင်ပို့ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

အခု လက်ရှိ ထုတ်လုပ်လျက်ရှိတဲ့ မျှစ်ခြောက်ထုတ်ကုန်တွေကို စိမ်းလဲ့မြေသမဝါယမအသင်းနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ဒီထုတ်ကုန်တွေကိုတော့ ဂျပန်နိုင်ငံကို တင်ပို့ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နှစ်စဉ်တင်ပို့လာတာ ခြောက်နှစ်လောက်ရှိပြီဖြစ်ပါတယ်။ နောက်ပိုင်းဆိုရင်တော့ တရုတ်နဲ့ ကိုရီးယားနိုင်ငံတွေအထိ တင်ပို့သွားဖို့ ရှိပါတယ်။ မျှစ်ခြောက်ထုတ်ကုန်တွေကို ဒီမှာ ထုပ်ပိုးပြင်ဆင်ပြီးတဲ့အထိ လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်ပြီး ဒီထုတ်ကုန်ပစ္စည်းတွေကိုအအေးခန်းနဲ့ သေချာထားပါတယ်။ ပြီးတော့ ရန်ကုန်ဆိပ်ကမ်းကိုပို့ပြီး ရန်ကုန် ဆိပ်ကမ်းကတစ်ဆင့် သင်္ဘောနဲ့ဂျပန်နိုင်ငံကို တင်ပို့တာဖြစ်ပါတယ်ဟု အဆိုပါမျှစ်ခြောက်ကုန်ထုတ်စက်ရုံမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်နန်းအေးအောင်က ရှင်းပြသည်။

စက်ရုံအတွက် လိုအပ်သည့်ကုန်ကြမ်းများကို နှစ်စဉ် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် အနီးဝန်းကျင်ကျေးရွာများနှင့် ရှမ်းရိုးမတောင်ပေါ်ဒေသကျေးရွာမှ မျှစ်ချိုးလာရောင်းသူများထံမှ ရရှိခြင်းဖြစ်ပြီး လာရောင်းသည့် ဝါးပိုးမျှစ်များကို ပြန်လည် ကောက်ခံကာ ပုတ်များဖြင့် တစ်လအကြာ သိုလှောင်သိပ်ထားခြင်းဖြစ်ကြောင်း၊ ယခုလို နှစ်စဉ် နိုဝင်ဘာလများတွင် နေထုတ်လှန်း၍ လုပ်ငန်းစတင်ရကြောင်း၊ နေလှန်းပြီးထွက်ရှိလာသည့် မျှစ်ခြောက်ကို ကုန်ချောထုတ်လုပ်ရန်အတွက် ဆိုဒ်အရွယ်အစား ငါးမျိုးခွဲခြား၍ စက်များဖြင့် အဆင့်ဆင့်ပြုလုပ်ကာ ပါကင်ထုပ်ပိုးပြီး အအေးခန်းအတွင်း သိုလှောင်ထားရကြောင်း ဒေါ်နန်းအေးအောင်က မျှစ်ခြောက်ထုတ်ကုန် ပြုလုပ်မှုများကို ဆက်လက်ရှင်းပြသည်။

အဆိုပါမျှစ်ခြောက်ကုန်ထုတ်စက်ရုံရှိသည့်အတွက် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း များရရှိပြီး ၎င်းတို့ မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့်အတွက် လူမှုစီးပွားဘဝများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

ဒီစက်ရုံမှာ အလုပ်လုပ်တာ တစ်နှစ်ကျော်ရှိပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီဒေသမှာ အခုလို အသေးစားကုန်ထုတ် စက်ရုံတစ်ရုံရှိတာ ကျွန်မတို့လို လက်လုပ်လက်စားသမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း တစ်ခုရ‌တာဆိုတော့ ဝမ်းသာစရာပေါ့။ ဒီမှာ အလုပ်လုပ်ပြီး မိသားစု စားဝတ်နေရေးကိုလည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုလို့ အဆင်ပြေပါတယ် ဟု စက်ကုန်းကျေးရွာမှာ လာရောက်အလုပ် လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောပြသည်။

ယင်းမျှစ်ခြောက်ကုန်ထုတ်စက်ရုံတွင် အနီးဝန်းကျင်ကျေးရွာများမှ လာရောက်အလုပ်လုပ်ကိုင်သူ ပေါင်း ၄၀ ဝန်းကျင်ရှိပြီး အနည်းဆုံး လုပ်အားခ တစ်ရက်လျှင် ငွေကျပ် ၇၀၀၀ မှ ၁၀၀၀၀ ကျော်အထိ ရရှိကြပြီး လုပ်သက်အလိုက် လုပ်ခလစာတိုးမြှင့်ပေးကြောင်း သိရသည်။

အဆိုပါမျှစ်ခြောက်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကုန်ကြမ်းပစ္စည်းများကို ရှမ်းရိုးမဒေသမှ သဘာဝအလျောက် ပေါက်ရောက်သော ဝါးပိုးဝါးများမှ ဓာတုဆေးဝါးများမပါရှိဘဲ ထုတ်လုပ်ခြင်းဖြစ်ပြီး ကုန်းကြမ်းများ စဉ်ဆက်မပြတ်ရရှိရေးအတွက်လည်း နေပြည်တော် ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် ဝါးစိုက်ခင်းထူထောင်ခြင်းများ ဆောင်ရွက်ထားသည့်အပြင် ကုန်ကြမ်းများထုတ်လုပ်ရာတွင် သဘာဝအရင်းအမြစ်များ မပြုန်းတီးစေရေးအတွက် ဒေသအတွင်းရှိ ဝါးစိုက်တောင်သူများကိုလည်း ဝါးထိန်းသိမ်းရေး သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း သိရသည်။

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်လည်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ စက်ရုံဝန်ထမ်းများအား လိုအပ်ပါက ဒေသနှင့် ကိုက်ညီသည့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ -မောင်မွှေး