Skip to main content

စာပေကိုချစ်ပြီးတော့ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ကလောင်အိုကြီးတွေအတွက်ကတော့ ဒါဟာကြီးမြတ်တဲ့ ဆုလာဘ်တစ်ပါးပါပဲ

ရန်ကုန် နိုဝင်ဘာ ၁၉

မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ၂၀၂၂ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုရှင်များကို ရွေးချယ်ချီးမြှင့်ခဲ့သည်။ ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်ခံရသော စာရေးဆရာ၊ ဆရာမကြီးအား မြန်မာ့အလင်းမှ တွေ့ဆုံမေးမြန်မှုများကို ဖော်ပြလိုက်ပါသည်။

စာပေပညာရှင် ဆရာကြီး ဦးချစ်စံ(ချစ်စံဝင်း)

အမှတ်မထင်ပဲ ဒီဆုရတဲ့အတွက် ဝမ်းမြောက်ပါတယ်။ ဒါကြောင့် အသက် ၈၀ ကျော်တဲ့အထိ စာ‌ပေကို တောက်လျှောက်လုပ်ခဲ့တဲ့အတွက် နိုင်ငံတော်က ချီးမြှင့်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ မြန်မာ့သမိုင်း၊ ရှေးဟောင်းမြန်မာစာပေရေးရာတို့နဲ့ ပတ်သက်တဲ့ လေ့လာမှုများကို သုတေသနပြုဆောင်ရွက်ချက်တွေကို ရေးသားခဲ့ပါတယ်” ဟုပြောသည်။

စာရေးဆရာ ချစ်စံဝင်းသည် ပဲခူးတိုင်း‌ဒေသကြီး ကဝမြို့နယ် ရစ်ကန်ကြီးရွာတွင် အဖ ဦးကျော်စိန်၊ အမိဒေါ်လှသန်းတို့က ၁၃ဝ၁ ခုနှစ် ပြာသိုလဆန်း ၁၄ ရက်၊ (တနင်္လာနေ့)၊ ၁၉၄ဝ ပြည့်နှစ် ဇန်နဝါရီ ၂၂ ရက်တွင်‌ မွေးဖွားသည်။ ငယ်စဉ်က ရစ်ကန်ကြီးရွာ မူလတန်းကျောင်းနှင့် ရစ်ကန်ကြီးရွာဘုန်းတော်ကြီးကျောင်းတို့တွင် ပညာသင်ကြား၍ ၁၉၅၇ ခုနှစ်တွင် ပဲခူးမြို့ အထူးသဒ္ဒါသင်ကျောင်းက တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ရန်ကင်းကောလိပ်၊ ရန်ကုန် တက္ကသိုလ်နှင့် လုပ်သားများ‌ကောလိပ်တို့တွင် စာပေဆက်လက်သင်ကြားကာ ဝိဇ္ဇာဘွဲ့ရရှိသည်။ ၁၉၆၄ ခုနှစ်မှစ၍ ယနေ့အထိဆောင်းပါး ပေါင်း ၉,ဝဝ ခန့်၊ စာအုပ်ပေါင်း ၂၁ဝ၊ စာတမ်း ၂ဝ၊ ရုပ်ရှင်ဇာတ်ညွှန်း ငါးပုဒ်တို့ကို ရေးသားခဲ့ပြီး အမျိုးသားစာပေဆု နှစ်ကြိမ်၊ ပခုက္ကူ ဦးအုံးဖေစာပေဆု တစ်ကြိမ်၊ သုတစွယ်စုံစာပေဆုတစ်ကြိမ်၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ကကြီးမှူး၍ သုတစွယ်စုံစာပေတိုက် က ချီးမြှင့်သော ဘဝတစ်သက်တာစာပေဆုနှင့် ထွန်းဖောင်ဒေးရှင်း စာပေဆုတစ်ကြိမ်တို့ကိုရရှိသည်။ ဆရာသည် ၁၉၇၂ ခုနှစ်က စာပေဝါသနာရှင်တစ်ဦးဖြစ်သူ ဒေါ်မော်မော်(ဆရာမ လမင်းအိမ်) နှင့် လက်ထပ်၍ သားသုံးဦး ထွန်းကားပြီး ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။

စာရေးဆရာမကြီး ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)

“တစ်သက်တာစာပေဆုဆိုတာ စာပေကိုချစ်မြတ်နိုးပြီး တစိုက် မတ်မတ်လုပ်ခဲ့တဲ့သူတွေအားလုံးရဲ့ အာရုံရှိတဲ့ ဆုကြီးပါပဲ။ ဒီလို ကိုယ့်တစ်သက်တာလုံး တစ်ဘဝလုံးမှာ ရေးခဲ့တဲ့စာတွေကို အသိ အမှတ်ပြုပြီးတော့ ချီးမြှင့်တယ်ဆိုတော့ ဒါကဝမ်းမြောက် ဂုဏ်ယူရတာပေါ့ရှင်။ ဒီဆုရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ အခုတစ်သက်တာဆု ဖြစ်ပေါ်လာတာကလည်း ဒါသက်ကြီးရွယ်အိုခေါ်မလား၊ ကလောင်အိုများအတွက်ပေါ့နော်၊ စာပေကိုချစ်ပြီးတော့ တစိုက် မတ်မတ်လုပ်ခဲ့တဲ့၊ ရေးသားခဲ့တဲ့ ကလောင်အိုကြီးတွေအတွက်ကတော့ ဒါဟာကြီးမြတ်တဲ့ ဆုလာဘ်တစ်ပါးလို့ပဲ ယူဆပါတယ်။

၁၅ နှစ်သမီးကတည်းက စာစပြီးရေးတာ၊ အခု ၈၂ နှစ် ရှိပါပြီ။ ကျွန်မစရေးတာကတော့ ကဗျာလေးတွေပါ။ ဒါပေမယ့်လည်း တစ်ချိန်တည်းလိုလိုပါပဲ ဝတ္ထုကိုဆက်ရေးတယ်ဆိုပါတော့။ အများကြီးတော့ မဟုတ်ဘူး၊ ကျွန်မကရေးချင်တဲ့ စိတ်ရှိမှရေးတာ၊ ရင်ထဲကို ဖျတ်ခနဲ ခံစားလိုက်ရရင် အဲဒါမျိုးမှ ရေးဖြစ်တာပေါ့နော်၊ ဖန်တီးပြီးမှ ရေးတာမျိုး ကျွန်မ မရေးဖြစ်ဘူး၊ အခုအသက်ကြီးလာတော့လေ ခဏခဏ ဖျတ်ခနဲဖျတ်ခနဲ ဖြစ်တာတွေများတော့လည်း ရိုးသွားသလိုပဲ။ ထူးထူးခြားခြား စာတွေကတော့ ဘယ်လိုပြောမလဲ လူငယ်တွေပြောတဲ့ စကားနဲ့ပေါ့လေ ထိုးဖောက်တဲ့ စာမျိုးတော့ ကျွန်မသိပ်မစွမ်းဘူးပေါ့လေ၊ ဒီလိုပဲ ရှေးရိုးပဲပေါ့၊ အရင်တုန်းက ကျွန်မတို့ကို လမ်းညွှန်ပြသပေးကြတဲ့ လက်တွဲခေါ်ကြတဲ့ ဆရာကြီးတွေကလည်း အခုမရှိ တော့ပါဘူး။ သူတို့ရဲ့စာပေတွေ၊ သူတို့ရဲ့ အဆိုအမိန့်တွေ၊ သူတို့ရဲ့ လမ်းညွှန်မှုတွေ ခံယူခဲ့ရတယ်၊ ကံကောင်းခြင်းတစ်မျိုးပါပဲ။ အဲဒီလို ခံယူခဲ့ရတော့ မြန်မာစာကိုလည်း ပီပီပြင်ပြင်ရေးတတ်ဖို့ ရေးနိုင်ဖို့၊ အတွေးအခေါ် မှန်မှန်ကန်ကန် တွေးတတ်ဖို့၊ မှန်တာကိုမြင်ပြီးတော့ မှန်တာကိုပဲ ရေးဖို့စသည်ဖြင့်ပေါ့လေ သတ္တိမွေးဖို့ပေါ့လေ အစုံပါပဲ။ ဆရာကြီးတွေရဲ့ စာတွေကနေ သင်ယူခဲ့ရတယ်၊ ကျွန်မတို့က ရိုးရိုးကြီး လိုင်းပေါ့လေ။ ခုခေတ်ကလေးတွေ ရေးနေသလိုတော့ ထိုးဖောက်ပြီး ရေးတာတော့ ကျွန်မအားနည်းပါတယ်။ စာကောင်းရေးဖို့ စိတ်ကောင်းထားရမယ်ဆိုပြီး ဆရာကြီး ဇော်ဂျီတို့က ဒီလိုပဲ အမိန့်ရှိခဲ့ပါတယ်။ ကျွန်မတို့က အဲဒီလိုဆရာတွေနဲ့ သူတို့ရဲ့ရင်အုပ်မကွာ အုပ်ထိန်းမှု၊ စာပေအုပ်ထိန်းမှုအောက်မှာ ကျွန်မတို့က နေခဲ့ရတော့ သူတို့လျှောက်တဲ့လမ်းကြောင်းကိုပဲ ကျွန်မတို့ကလည်း လျှောက်ချင်တဲ့ စိတ်ဓာတ်အားသန်တယ် ပေါ့လေ။ လျှောက်ဖို့လည်း ကြိုးစား ခဲ့တယ်ပေါ့၊ ဒါပေမယ့်မမီပါဘူး၊ ဘယ်လိုမှမမီနိုင်ပါဘူး။

အားလုံးခြုံပြောရရင် အရင်ဆရာကြီးတွေကို မီဖို့ဆိုတာတော်တော်ကို ကြိုးစားရမယ်လေ။ ဒါပေမယ့်တစ်ခုတော့ ရှိပါတယ်၊ စာရေးတဲ့သူတွေအားလုံးက စေတနာရှိတယ်။ ဆိုလိုတာက စိတ်ကောင်းရှိမှသာ စာရေးလို့ရတာလေ၊ စာပေအပေါ်မှာထားတဲ့ သစ္စာတရားပေါ့။ အများ အတွက်ဆိုရင် ဆယ်ပြားဖိုးပဲရရ၊ တစ်ကျပ်ဖိုးပဲရရ ပေးချင်တဲ့ စိတ်ရှိကြပါတယ်။ ပေးဖို့ဆိုတာကလည်း ကိုယ့်ဆီမှာရှိမှ ပေးလို့ရတာ၊ ကိုယ့်မှာမရှိရင်လည်း ပေးလို့မရဘူး။ အဲဒီတော့ ကိုယ့်မှာပြည့်စုံအောင် လို့ စာရေးဆရာက ကြိုးစားရတာပါပဲ။ စာရေးဆရာတွေဆိုတာက စာနဲ့လူနဲ့ စိတ်ဆန္ဒနဲ့က အမြဲတမ်းထပ်တူကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာဖတ်တဲ့သူအတွက်ကိုး။ အကျိုးကျေးဇူးရှိစေချင်တဲ့ စိတ်စေတနာလေ။ စာရေးဖို့ဆိုတာ တချို့က အတော်များများက သတ်မှတ်တာ ဝတ္ထုရေးတယ်ဆိုရင် ဇာတ်လမ်းကောင်းရမယ်၊ ဇာတ်ကောင် စရိုက်ပီပြင်ရမယ်၊ အချိုးအကွေ့ အတက်အကျ၊ အနိမ့်အမြင့် အဲဒါတွေ စုံရမယ်ပေါ့။ အလှည့်အပတ် အကွေ့အကောက်တွေများရမယ်။ အဲဒါဆိုလို့ရှိရင် လူထုစာဖတ်တဲ့သူဆိုရင်တော့ စွဲတယ်ပေါ့၊ ဒါမျိုးစာက ပေါက်ရောက်တယ်ပေါ့နော်၊ စာကောင်းလို့ သတ်မှတ်ကြတယ်။ အဲဒီမှာ တစ်ခုအမြဲတမ်းထပ်ဖြည့်ဖြစ်တာက အဲဒီလိုဖြစ်ရုံနဲ့ မပြီးဘူး။ စာဆိုတာ ရင်ထဲကစိတ်စေတနာပါမှ အကျိုးကျေးဇူးတွေ ပေးနိုင်သလောက် အဲဒီလိုပေးနိုင်တဲ့အခါမျိုးမှ ကျွန်မကတော့ စာကောင်းလို့ သတ်မှတ်တယ်၊ ဒီလိုပဲယူဆမိပါတယ်။ ဒါပေမယ့် အမြဲတမ်းပဲ ကောင်းတာတွေပဲ ပေးနေချင်လို့ရသလားဆိုတော့လည်း လောကဓံတရားက အမျိုးမျိုးရှိတယ်လေ။ ကောင်းတာလည်းလာမယ်၊ မကောင်းတာလည်းလာမယ်၊ ဒါပေမယ့် ကိုယ်ကအဲဒီအထဲက ရွေးထုတ်ပြီးတော့ မကောင်းတာကို ကောင်းတာဖြစ်အောင်ပေါ့နော်၊ ဆိုးနေတာကို ကောင်းအောင် အဲဒီလိုလေးတွေ ကိုယ်ကိုယ်တိုင်ကလည်း အားထုတ်ပြီးတော့ ရေးဖွဲ့မှုကို ကျွန်မအနေနဲ့တော့ ကြိုးစားပါတယ်” ဟုပြောသည်။

စာရေးဆရာမကြီး ဒေါ်ကြူကြူသင်းသည် အဖ ဦးစိန်မောင်၊ အမိ ဒေါ်ခင်ရီတို့မှ ၁၉၄၂ ခုနှစ်တွင် မြစ်ဝကျွန်းပေါ်ဒေသ၊ ဝါးခယ်မမြို့၌ မွေးဖွားခဲ့သည်။ ရုပ်ရှင်မင်းသမီးကြီး မေရှင် သီဆိုခဲ့သည့် “ချစ်ရေစင် သီချင်းထဲမှ “ကြူကြူသင်းတဲ့ ရွှေနှင်းဆီရယ်၊ ဆင်းရနံ့က မွှေးတယ် ဟူသော စာသားကို နှစ်သက်၍ “ကြူကြူသင်းဟု ကလောင်အမည်ယူခဲ့သည်။ အမည်ရင်းမှာ ဒေါ်ခင်သန်းဝင်းဖြစ်သည်။

၁၉၅၇ ခုနှစ် ၈ တန်းကျောင်းသူဘဝ၌ တိုင်းရင်းမေဂျာနယ်တွင် ကဗျာများရေးသားခြင်းဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ယနေ့အထိ လုံးချင်းဝတ္ထု ၁၄ အုပ်၊ ဝတ္ထုတိုပေါင်းချုပ် ၁၇ အုပ်၊ ကဗျာပေါင်းချုပ် တစ်အုပ်၊ ပြဇာတ်ပေါင်းချုပ် နှစ်အုပ်၊ ဆောင်းပါးပေါင်းချုပ် နှစ်အုပ်၊ မဂ္ဂဇင်းဝတ္ထုရှည် တစ်အုပ် ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ကဗျာတစ်ပုဒ်နှင့် ဝတ္ထုတိုအချို့ကို အင်္ဂလိပ်၊ ဂျပန်၊ ရုရှားဘာသာများသို့ ပြန်ဆို၍ သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် ထုတ်ဝေဖြန့်ချိခဲ့သည်။ “မြန်မာ့နှဲ စာတမ်း၊ “မြတ်နိုးဖွယ်ရာ မြန်မာကဗျာများ စာတမ်းနှင့် “၁၉၈၁ ခုနှစ် မတိုင်မီ အမျိုးသားရေး ညွှန်းဖွဲ့တေးစာတမ်း စသည့် မြန်မာ့စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ စာတမ်းများကို ပြုစုရေးသား ဖတ်ကြားခဲ့ပြီးဖြစ်သည်။

၁၉၈၁ ခုနှစ်တွင် “စံပယ်တကုံး ဂမုန်းတပွင့် ဝတ္ထုတိုပေါင်းချုပ် ဖြင့်လည်းကောင်း၊ ၂ဝဝ၃ ခုနှစ်တွင် ရွှေတံခါးကြီးဖွင့်ပါဦးနှင့် အခြားပြဇာတ်များ စာအုပ်ဖြင့်လည်းကောင်း၊ ၂ဝဝ၈ ခုနှစ်တွင် “သိင်္ဂါရရသ ဝတ္ထုတို စုစည်းမှု စာအုပ်ဖြင့်လည်းကောင်း အမျိုးသားစာပေဆု သုံးကြိမ်ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် နိုင်ငံတော်မှချီးမြှင့်သော ဝိဇ္ဇာပညာထူးချွန်ဆု (ဒုတိယဆင့်)ကိုရရှိပြီး ၂၀၁၄ ခုနှစ်တွင် အရှေ့တောင်အာရှစာပေ (The S.E.A Award) ဝတ္ထုတိုဆုကို “ဘဝရိပ်ရောင် ဝတ္ထုတိုစု (Shades of Life) ဖြင့် ရရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် “မှတ်မိနေတယ် လုံးချင်းဝတ္ထုရှည်ဖြင့် ဆရာဝန်တင်ရွှေ စာပေဆုရရှိခဲ့သည်။ ယခုအခါ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။

အာကာလင်း၊ ဓာတ်ပုံ-တင်စိုး