မန္တလေး နိုဝင်ဘာ ၁၉
နိုင်ငံတော်ဩဝါဒါစရိယ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့၊ မဟာ ဝိသုဒ္ဓါရုံတိုက်သစ်မဟာနာယက၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ စည်ရှင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ (သက်တော်(၈၅)၊ သိက္ခာတော် (၆၆)ဝါ)သည် မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက်(၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်) နံနက် ၉ နာရီ ၃၃ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မဟာဝိသုဒ္ဓါရုံ တိုက်သစ်၊ စည်ရှင်ကျောင်းသို့သွားရောက်ပြီး ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်၍ အန္တိမဈာပနသာဓုကီဠန ပူဇာသဘင်နှင့် စပ်လျဉ်း၍ ဆရာတော်များအား သာသနာရေး ဆိုင်ရာများလျှောက်ထားပြီး တာဝန်ရှိသူများအား အန္တိမဈာပန ကိစ္စရပ်များနှင့်ပတ်သက်၍ နာယက ဆရာတော်ကြီးများ၏ ဩဝါဒများခံယူကာ လစ်ဟာမှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။
ယနေ့ မွန်းလွဲ ၁ နာရီတွင် စည်ရှင်ဆရာတော် ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား သီတင်း သုံးတော်မူရာ မဟာဝိသုဒ္ဓါရုံတိုက်သစ်စည်ရှင်ကျောင်း၊ ရွှေဘုန်းပွင့်ကျောင်းဆောင်တော်မှ အောင်မြေသာစည်အလယ်တိုက်ကြီးပေါ်သို့ ပင့်ဆောင်၍ စံကျောင်းတော်၌ ဥတုဇရုပ်ကလာပ်တော်အား ပူဇော်ထားရှိသည်။
နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဝိသုဒ္ဓါရုံတိုက် သစ်မဟာနာယက၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာ နာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ စည်ရှင်ဆရာတော် ဘုရားကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနား ကျင်းပရေးအတွက် ညှိနှိုင်းအစည်းအဝေးကို အောင်မြေသာစည် အလယ်တိုက်ကြီးတွင် ဆက်လက်ကျင်းပရာ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ရွှေကျင်ဂိုဏ်း သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ရွှေကျင်ဂိုဏ်းမှ သံဃာတော်များနှင့် တပည့်သံဃာတော်၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အန္တိမဈာပနပူဇော်ပွဲနှင့်ပတ်သက်၍ ဈာပနဦးစီးကော်မတီနာယကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒများခံယူပြီး ကဏ္ဍများအလိုက် တိုင်ပင်ညှိနှိုင်းဆွေးနွေးကြကာ အနိစ္စာဝတသင်္ခါရာ စသော သံဝေဂ (၃)ဂါထာကို ရွတ်ဆိုပွားခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
