ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ အခြေခံမူများဖြစ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်း (Declaration of the Rights of the Child) ကို ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ ၌ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ထိုစဉ်က အဖွဲ့ဝင် (၇၈) နိုင်ငံအားလုံးက အပြည့်အဝတညီတညွတ်တည်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of the Child-CRC) ကို (၄၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၄၄/၂၅ ဖြင့် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အတည်ပြုချမှတ်ခဲ့ပါသည်။ ထိုဖြစ်စဉ်နှစ်ရပ်ကို ဂုဏ်ပြုသည့်အနေဖြင့် နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့ (World Children's Day) အဖြစ် သတ်မှတ်ခဲ့ရာ ယနေ့တွင် (၃၄) ကြိမ်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ယခုနှစ် ကမ္ဘာ့ ကလေးများနေ့အတွက် ဦးတည်ချက်ဆောင်ပုဒ်မှာ “အခွင့်အရေးအားလုံးရရှိရေး ကလေးငယ်တိုင်းအတွက် ဖော်ဆောင်ပေး” "For Every Child, Every Right" ဖြစ်ပါသည်။
လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ဖြစ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRC) ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက ပါဝင်လက်မှတ်ရေးထိုးထားပါ သည်။ မြန်မာနိုင်ငံကလည်း ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးထားပါသည်။ ထိုသဘောတူစာချုပ်၏ နောက်ဆက်တွဲ စာချုပ်နှစ်ရပ်ကိုလည်း ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းများကို ပိုမိုကာကွယ်စောင့်ရှောက်ရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေကို ရုပ်သိမ်းပြီး ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။
ကမ္ဘာ့နိုင်ငံများတွင် ကလေးသူငယ်များသည် ဆင်းရဲမွဲတေမှု၊ အာဟာရချို့တဲ့မှု ပညာရေးလက်လှမ်းမမီမှု၊ ကလေးလုပ်သား၊ အရွယ်မတိုင်မီ ထိမ်းမြားမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု စသည်ဖြင့် စိန်ခေါ်မှုများရှိနေသည်ဖြစ်ရာ ကလေးသူငယ်များအတွက် ပိုမို ကောင်းမွန်အောင် ဖန်တီးလုပ်ဆောင်ပေးကြမှသာလျှင် အနာဂတ်တွင် ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ကောင်းကျိုးချမ်းသာများ ရရှိခံစားနိုင်ကြမည်ဖြစ်ပါသည်။
ကလေးသူငယ်များ လူမှုအသိုက်အဝန်းအတွင်း အကျင့်စာရိတ္တကောင်းမွန်ပြီး အားကိုးအားထားရသော လူငယ်များဖြစ်လာစေရေး မျှော်မှန်းလျက် အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို ပူးပေါင်းပါဝင် လုပ်ဆောင်ကြပါရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၃၄) ကြိမ်မြောက် ကမ္ဘာ့ကလေးများနေ့တွင် မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တိုက်တွန်းဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်
