နေပြည်တော် နိုဝင်ဘာ ၁၉
၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် မြင်းစီးအားကစားနည်း ထည့်သွင်းကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံမှ မြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်၍ ဒုတိယအဆင့်အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစား ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဥတ္တရ သီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြင်းစီး အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၅၅ ကီလိုမီတာနှင့် ကီလိုမီတာ ၇၀ အရည်အချင်းစစ် ခရီးရှည် မြင်းစီးအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများအား စတင်တာလွှတ် ပေးသည်။
ထို့နောက် မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြင်းများအား စနစ်တကျထားရှိနိုင်ရေး၊ ပြိုင်ပွဲဝင်အားကစားသမားများအား စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိစေ ရေး၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြင်းစီးကလပ်အသင်းများနှင့် ပေါင်းစပ်၍ မြင်းစီးအားကစားနည်း ပိုမိုတိုးတက်လာစေရေး ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ မြင်းစီး အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။
၅၅ ကီလိုမီတာနှင့် ကီလိုမီတာ ၇၀ အရည် အချင်းစစ်ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲသို့ YECC RIDING CLUB, NAY PYI TAW RIDING CLUB နှင့် MO RIDING CLUB တို့မှ ပြိုင်ပွဲဝင်မြင်းစီးအားကစားသမား ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် အောင်လက်မှတ် ချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ ၅၅ ကီလိုမီတာနှင့် ကီလိုမီတာ ၇၀ အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲတွင် အောင်မြင်ခဲ့သည့် မြင်းစီး အားကစားသမားများကို တာဝန်ရှိသူများက အရည်အချင်းစစ်အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်းနှင့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစား ပြိုင်ပွဲများကို ထပ်မံကျင်းပပြုလုပ်သွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်