Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တောင်ကြီးမြို့နှင့် ကျောက်ဆည်မြို့တို့ရှိ တက္ကသိုလ်၊ သိပ္ပံ၊ ကျောင်းများနှင့် ဇီဝနည်းပညာ သုတေသနဦးစီးဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်  နိုဝင်ဘာ  ၁၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ နည်းပညာ တက္ကသိုလ်(ကျောက်ဆည်)၊ အစိုးရ စက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)နှင့် အစိုးရနည်းပညာအထက် တန်းကျောင်း (ကျောက်ဆည်)တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည် ထောင်စုဝန်ကြီးက ဒုတိယပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆရာ ဆရာမများ၏ စာတွေ့လက်တွေ့ ပို့ချ သင်ကြားရေးတွင် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းပိုမိုမြင့်မား လာပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှုလုပ်ငန်းများတွင် စွမ်းဆောင်နိုင်သူများ ပေါ်ထွန်းလာစေရန် သတ်မှတ်အရည်အသွေး စံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇီဝနည်းပညာ သုတေသနဦးစီးဌာနသို့ ရောက်ရှိရာ သုတေသီများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ကလည်း အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး)စီမံကိန်းသို့ရောက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)သို့ သွားရောက်ပြီး ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်ပြီး အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော လူသားအရင်းအမြစ်များ လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန်၊ လူ့စွမ်းအား အရင်းအမြစ်သည် စဉ်ဆက်မပြတ် ပြုစုပျိုးထောင် သွားရမည့် အရေးပါဆုံး ကိစ္စဖြစ်သည့်အတွက် အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်ခံယူကာ မြှင့်တင်သွားကြရန် မှာကြားသည်။

ထို့ပြင် အဆိုပါ တက္ကသိုလ်၊ သိပ္ပံ၊ ကျောင်းများနှင့် ဇီဝနည်းပညာသုတေသနဦးစီးဌာနများသို့ ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများ၊ စက်ပစ္စည်းများ၊ အလုပ်ရုံများ၊ သုတေသန လုပ်ဆောင်နေမှုများ၊ အားကစားကွင်းနှင့် ကျောင်းသား ကျောင်းသူ အိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်