နေပြည်တော် နိုဝင်ဘာ ၁၉
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ရန်ကုန်မြို့ရှိ အသက် ၇၀ နှင့်အထက် သက်ကြီးဆရာဝန်ကြီးများအား ခြောက်လတစ်ကြိမ် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု (Medical Check-up) ကို ဆောင်ရွက်ပေးပြီး လိုအပ်သောဆေးဝါးများကို ပုံမှန်ထောက်ပံ့ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာန၌ ဒုတိယအကြိမ် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးမှုကို ရန်ကုန်မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးများမှ သက်ကြီးရွယ်အို ဆေးပညာနှင့် ဓာတ်မှန်ပညာဌာန ပါမောက္ခ/ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်ကြီးနှင့် သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရောဂါဗေဒဌာန ပါမောက္ခဦးဆောင်သော အဖွဲ့တို့က ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း၊ Ultrasound ရိုက်ကူးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG)၊ သက်ကြီးရွယ်အိုဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှု (Geriatric assess-ment) ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကျန်းမာရေး စစ်ဆေးမှုတွင် သက်ကြီးဆရာဝန်ကြီး ၁၇၂ ဦးအား ကျန်းမာရေးစစ်ဆေးကုသမှုပေးခဲ့ကာ ဆီးချို သွေးချိုရောဂါရှိသူ သက်ကြီးဆရာဝန်ကြီးများ အသုံးပြုရန် သွေးချိုတိုင်းစက် (Glucometer) အခု ၁၅၀ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်