Skip to main content

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်   နိုဝင်ဘာ  ၁၉

ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ မောင်ရွှေလေးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၄၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၄၃ ဦး၊ ခွဲစိတ်ရောဂါ ၃၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၇ ဦး၊ ကလေးရောဂါ ၂၆ ဦး၊ အရိုးရောဂါ ၄၉ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၃၀ ဦး၊ မျက်စိရောဂါ ၈၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်း များဆောင်ရွက်ပေးပြီးဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၄ ဦးကို  တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

အလားတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ လက်ပံသာယာကျေးရွာဆိပ်ကမ်းသို့ ရောက်ရှိရာ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့်အထူးကုဆေးအဖွဲ့သည် မိုးညိုမြို့နယ်၊ လက်ပံသာယာကျေးရွာရှိ သာသနာအောင်ကျောင်းတိုက်တွင် အခြေပြု၍ မိုးညိုမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၆၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၆၂ ဦး၊ ခွဲစိတ်ရောဂါ ၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄ ဦး၊ ကလေးရောဂါ ၂ ဦး၊ အရိုးရောဂါ ၃၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၇ ဦး၊ မျက်စိရောဂါ ၄၄ ဦးနှင့် သွားရောဂါ ၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၆ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေး ဆောင် ရွက်ပေးမှုများအပေါ် ဒေသခံ ပြည်သူများ၏ စကားသံများကို ယခုလိုကြားသိခဲ့ရပါသည်-

ဒေါ်ဆယ်တို (မောင်ရွှေလေးကျေးရွာ၊ သံတွဲမြို့နယ်)

အဘွားက မျက်စိမမြင်တာ နှစ်နှစ်ကျော်သွားပါပြီ။ ဒါကြောင့် လာပြတာပါ၊ မျက်စိတွေမှုန်ဝါးဝါး ဖြစ်တဲ့အခါမှာ စားရတာလည်း မကောင်း၊ အိပ်ရတာလည်း မကောင်း၊ သွားရတာလည်း မကောင်းဖြစ်နေပါတယ်။ ထမင်း တစ်လုတ်ကို စားရတာလည်း အရိုးမှန်းမသိ၊ အရည်မှန်းမသိ ခံစားနေရပါတယ်။ အဘွားမှာ ဆေးကုသဖို့က ပိုက်ဆံမရှိလို့ မကုသနိုင်ပါဘူး။ တပ်မတော် နယ်လှည့် ဆေးကုရေးအဖွဲ့ လာရောက် ကုသမယ်ဆိုတာကို စောင့်နေရတာပါ။ သူများပြောသံ ကြားတော့ ကိုယ့်တောင်ဝှေးကို ဆွဲပြီး ပြေးလာခဲ့ရတာပါ၊ မျက်စိ ပြန်ကောင်းဖို့ အလွန်အားရှိသွား ပါတယ်။ အခုလိုကုသပေးတဲ့ အတွက်ကြောင့် တပ်မတော် အကြီးအကဲနဲ့ တာဝန်ရှိသူတွေ ကို ကျေးဇူးတင်ပါတယ်။

ဦးဇော်မင်း (လက်ပံသာယာကျေးရွာ၊ မိုးညိုမြို့)

မျက်စိအားနည်းလို့ လာပြ တာပါ။ ဒီမှာ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အဖွဲ့တွေက ကျေးရွာ အုပ်စုအလိုက် အကြောင်းကြား လို့ သိရလို့လာပြတာပါ။ ဒီအတိုင်း အတာထိအောင် ဒီလိုအရပ်ဒေသ မျိုးတွေမှာ အခုလို လာရောက် ကုသမှုပေးလို့ နိုင်ငံတော်အကြီး အကဲနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ အနီးနား ပတ်ဝန်းကျင်ကလည်း လာကြပါ တယ်။ လူသတင်း လူချင်းဆောင် ဆိုသလိုပေါ့ဗျာ။ သိတဲ့လူတွေ များတော့ အတိုင်းထက် အလွန်ပါ ပဲ။ ကျွန်တော်တို့ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။