နေပြည်တော် နိုဝင်ဘာ ၁၉
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ ပေးပို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် စေတနာရှင်အလှူရှင် ပြည်သူများက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောပတ်ထမင်းဘူးများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးကြသည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ထောပတ်ထမင်းဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများကရေးသားပေးပို့သည့် “တိုက်ပွဲတိုင်း အောင်မြင်ပါစေကြောင်း၊ ဘေးအန္တရာယ် ကင်းရှင်းပါစေကြောင်း၊ တပ်မတော်သားများ ကျန်းမာပါစေကြောင်း”စသည့် ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း သတင်းရရှိသည်။
