မျိုးမောင်မောင်ကျော်၊ လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)
မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသော အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရေး၊ လုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်မှုအားကောင်းလာစေရေးနှင့် MSME ထုတ်ကုန်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ရည်ရွယ်ပြီး မကွေးမြို့ မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ (MSME) ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာကျင်းပခဲ့သည်။
အဆိုပါပြပွဲတွင် ဈေးဆိုင်ခန်းပေါင်း ၃၀ ကျော် ပါဝင်ပြသခဲ့ပြီး ထုတ်ကုန်ပစ္စည်းများအနေဖြင့် ဆီး/မန်ကျည်းဖျော်ရည်၊ အားလူးကြော်၊ ပဲယို၊ နှမ်းယို၊ စားသောက်ကုန်လုပ်ငန်း၊ သနပ်ခါး၊ ဆန်စက်၊ ဆီလုပ်ငန်း၊ ဝိုင်၊ အုန်းလက်မှုထုတ်ကုန်ပစ္စည်း၊ လက်ဖက်စို/ လက်ဖက်ခြောက်၊ နတ်ရေကန်ကော်ဖီ၊ မခါနှင့် ညီမများ ဆေးဆိုးရက်ကန်းလုပ်ငန်းစသည့် ထုတ်ကုန်ပစ္စည်းမျိုးစုံကို ပြသရောင်းချခဲ့ကြောင်း တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်ထံမှ သိရသည်။
MSMEကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ကအားပေးဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ “မခါနှင့်ညီမများ သဘာဝဆေးဆိုးရက်ကန်းလုပ်ငန်း”ကို လုပ်ငန်းရှင် ဒေါ်တင်ဌေးဦးဆောင်၍ ရိုးရာအဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို စီးပွားဖြစ်ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိသည်။
“မခါနှင့် ညီမများ သဘာဝဆိုးဆေးရက်ကန်းလုပ်ငန်း”သည် မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ကိုင်းကလေးကျေးရွာ၌ တည်ရှိပြီး ကျေးရွာရှိအမျိုးသမီးများ မိသားစုဝင်ငွေရရှိရေး၊ ဒေသလက်မှုရက်ကန်းစင်လုပ်ငန်းများ မပျောက်ကွယ် မတိမ်ကောစေရေးဆိုသည့် ရည်ရွယ်ချက်ကောင်းများဖြင့် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလက လုပ်ငန်းစတင်လုပ်ကိုင်ခဲ့ပြီး လုပ်ငန်းစတင်ချိန်က ရက်ကန်းရက်အလုပ်သမား ခုနစ်ဦးဖြင့် လည်ပတ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် ရက်ကန်းရက်ပညာကို စနစ်တကျသင်ကြားပေးနိုင်ခဲ့သဖြင့် ကျွမ်းကျင်အမျိုးသမီးဦးရေ ၆၀ ခန့်အထိ အလုပ်အကိုင်အခွင့်အလမ်း ဖန်းတီးပေးထားနိုင်ပြီဖြစ်သည်။ ထို့ပြင် ရက်ကန်းပညာသင်တန်းကိုလည်း ပို့ချသင်ကြားပေးလျက်ရှိပြီး ဒေသခံအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ရက်ကန်းစင်များကိုလည်း ထောက်ပံ့ပေးထားသည်။
လုပ်သားများအတွက် လုပ်အားခအနေဖြင့် ပဝါတစ်ထည်လျှင် ရက်ခ ငွေကျပ် ၂၀၀၀ ၊ ပိတ်အုပ်တစ်အုပ်လျှင် အနည်းဆုံးငွေကျပ် ၈၅၀၀ မှ ၁၀၀၀၀ အထိ ပေးရပြီး တစ်ရက်လုပ်အားခအနေဖြင့် အနည်းဆုံး ငွေကျပ် ၆၀၀၀ မှ ၁၀၀၀၀ အထိရရှိကြကြောင်း သိရသည်။
လက်ရှိ ဈေးကွက်တွင် ခြုံစောင်၊ ခြုံပဝါ၊ ကျား/မအဝတ်အထည်များ စသည့် ချည်ထည်ပစ္စည်းများကို ဖြန့်ဖြူးလျက်ရှိပြီး တစ်ရက်ပျမ်းမျှ လူတစ်ဦးလျှင် ပဝါသုံးထည်ခန့်နှင့် ပိတ်အုပ်ငါးကိုက်ခွဲ ထွက်ရှိသည်။ ထိုသို့ ထွက်ရှိလာသည့် ချည်ထည်ကုန်ချောပစ္စည်းများကို ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်များတွင် ရောင်းချသည့်အပြင် အွန်လိုင်းမှတစ်ဆင့်လည်း ဖြန့်ဖြူးရောင်းချလျက်ရှိသဖြင့် နေရာဒေသ တော်တော်များများအထိ ဖြန့်ဖြူးပေးလျက်ရှိသည်။ အဓိကအားဖြင့် ရန်ကုန်နှင့် မန္တလေးမြို့မှ ဒီဇိုင်နာလုပ်ငန်းရှင်များ၏ ဝယ်ယူမှု ပိုမိုများပြားသည်ဟုဆိုသည်။
MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍လည်း လုပ်ငန်းရှင်ဒေါ်တင်ဌေးက “ဒီလိုလုပ်ငန်းဖွံ့ဖြိုးဖို့အတွက်ဆိုရင် မိဘပြည်သူတွေ ညီအစ်ကိုမောင်နှစ်မတွေကို ပြည်တွင်းဖြစ် ဒေသထွက်ကုန်ပစ္စည်းတွေကို ဝယ်ယူအားပေးကြစေချင်တယ်။ ပြည်တွင်းဖြစ် ဒေသထွက်ကုန်တွေ ဟာဆိုရင်နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ထုတ်လုပ်မှုဒီဇိုင်းပုံစံတွေလည်းပိုမိုကောင်းမွန်လာနေပြီဖြစ်ပါတယ်။ ဒေသထွက်ကုန် ချည်ထည်ပစ္စည်းတွေကို များများဝယ်ယူအားပေးခြင်းကြောင့် ဒေသကြီးအတွင်းက (MSME)ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာအကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ ဒါ့ပြင်ကျေးလက်နေပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေ တိုးပွားစေမှာဖြစ်ပြီး မိမိနိုင်ငံနဲ့ မိမိလူမျိုးအတွက် အကျိုးကျေးဇူးများစွာကို ရရှိစေမှာဖြစ်ပါတယ်”ဟု ပြောသည်။
လူတိုင်းအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဝတ်အထည်များကို တန်ဖိုးထားဝယ်ယူဝတ်ဆင်ခြင်းဖြင့် ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။ ပြည်တွင်းဖြစ်ထုတ်ကုန်ပစ္စည်းများသည် နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ခေတ်မီနည်းပညာများနှင့်ပေါင်းစပ်၍ အရည်အသွေးကောင်းမွန်သော မြန်မာ့ရိုးရာချည်ထည်ပစ္စည်းများကို တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများမှတစ်ဆင့် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးရေးအတွက်သာမက နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်ပါ အထောက်အပံ့ကောင်းများ ရရှိလာစေမည်ဖြစ်သည်။ ။
