နေပြည်တော် နိုဝင်ဘာ ၁၈
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မကွေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီက မကွေးမြို့ မြို့နယ်ခန်းမ၌ ကျင်းပသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အရေးအကြီးဆုံးဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးသည် အရေးကြီးပါကြောင်း၊ မဲစာရင်းမှန်ကန်ရေးအတွက် တိကျသည့်လူဦးရေစာရင်းရရှိစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့ (Working Group) များဖွဲ့စည်းကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ ရုံးပိတ်ရက်မပါ ရက်ပေါင်း ၂၀ သတ်မှတ်၍ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခဲ့ပြီးဖြစ်ပါကြောင်း၊ ကောက်ယူရရှိသည့် စာရင်းဇယား၊ အချက်အလက်များကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် မှတ်တမ်းများစုစည်း၍ လဝကမြို့နယ်ဦးစီးမှူးရုံးများရှိ ရုံးလက်ခံမှတ်တမ်းများနှင့် တိုက်ဆိုင်စိစစ်၍ Online စနစ်ဖြင့် ရုံးချုပ်ရှိ e-ID Server အတွင်း အချက်အလက်များဖြင့် တိုက်ဆိုင်ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအနေဖြင့် စုစုပေါင်းအိမ်ထောင်စု ၁၂ ဒသမ ၄ သိန်းကျော်ကို မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် ကောက်ယူမှု ၈ ဒသမ ၄ သိန်းကျော်၊ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့် ကောက်ယူမှု ကိုးသောင်းခန့် စုစုပေါင်း ၉ ဒသမ ၃ သိန်းကျော် ကောက်ယူပြီးစီးခဲ့ကြောင်း။
နယ်မြေဒေသလုံခြုံရေး အခြေအနေအရကောက်ယူရန်ကျန်ရှိ ဒေသအနည်းငယ်ရှိနေသော်လည်း တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကောက်ယူဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယင်းစာရင်းများအရ အိမ်ထောင်စုစာရင်းရှိသော်လည်း နိုင်ငံသားကတ်မရှိသေးသူများ၊ အလွတ်ပုံစံဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စုများအတွက် အမှန်တကယ် အိမ်ထောင်စုစာရင်း ရှိ/မရှိ စိစစ်၍ မြို့နယ်အဆင့် ဖွဲ့စည်းထားသည့် ငါးဦးကော်မတီ ဖြင့် အသေးစိတ်စိစစ်အတည်ပြုကာ နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အချက်အလက်ကွဲလွဲနေသူများ၊ အမျိုးသားမှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ထားသူများ၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား၊ အသက် ၁၈ နှစ်နှင့်အထက် မည်သည့်ကတ်ပြားမျှ ကိုင်ဆောင်ထားခြင်းမရှိသူများကိုလည်း စနစ်တကျစိစစ်၍ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုးရရှိကိုင်ဆောင်နိုင်ရေး ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ သို့မှသာ ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ကြမည်ဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက် အထိ ၁၅ ရက်ကြာ ကောက်ယူသွားမည်ဖြစ်ရာ လုပ်ငန်းများ အောင်မြင်ရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ စသည့်ကော်မတီအဆင့်ဆင့်ဖွဲ့စည်းကာ မထပ်မကျန် စာရင်းမှန်ရရှိရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက်မှုနှင့် ကောက်ယူရန်ကျန်ရှိသည့် ဒေသများကို ဆက်လက်ကောက်ယူဆောင်ရွက်မည့် အစီအစဉ်၊ ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီမှုနှင့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ သက်ဆိုင်ရာကော်မတီဝင်များက လုပ်ငန်းများအောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက နယ်မြေဒေသအလိုက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူမှုနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင် ကောက်ယူရေးအတွက် စီစဉ်ထားရှိမှု၊ မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ရရှိကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးအဆောက်အအုံအခြေအနေနှင့် ရုံးခန်းများ ဖွဲ့စည်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်