ဟိုပုံး နိုဝင်ဘာ ၁၈
မြန်မာနိုင်ငံလုံးဆိုင်ရာ တတိယအကြိမ်မြောက် နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် သံဃာများနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီး သင်ပညာရေးကျောင်း၌ ကျင်းပ သည်။
ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်နှင့်ဇနီး၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး နာဂပုရသာသနာလင်္ကာရ သာမဏေကျော်အသင်းက ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် ရဟန်း၊ သာမဏေနှင့် သီလရှင်များအား ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင် ဆက်ကပ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက နာဂပုရသာသနာလင်္ကာရသာမဏေ ကျော်စာမေးပွဲအသင်းဥက္ကဋ္ဌ ဆရာတော်၊ ဟိုပုံးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တုံခမ်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဦးအာလောကထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် နာဂပုရသာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ရ အထူးအောင်သံဃာတော်နှင့် သီလရှင်များအား ပအိုဝ်းဝိဿာခါ ဓမ္မစကြာအသင်းက ရှစ်လုံးဘွဲ့ကဗျာဖြင့် ပူဇော်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးနှင့် တာဝန်ရှိသူများ၊ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်အသင်းတာဝန်ရှိသူများနှင့် ဒါယကာ၊ ဒါယိကာမများက နာဂပုရသာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ရ အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဟိုပုံးမြို့ နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းတွင် တန်ဆောင်မုန်းလဆန်း ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သည့် နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင်များ လာရောက်ဖြေဆိုခဲ့ရာ မူလတန်းအဆင့်တွင် ၁၂၇ပါး၊ ပထမအဆင့်တွင် ၅၃၈ ပါး၊ ဒုတိယအဆင့်တွင် ၁၃၅ ပါး၊ တတိယအဆင့်တွင် ၉၅ ပါး အောင်မြင်ခဲ့ပြီး နာဂပုရသာသနာလင်္ကာရဘွဲ့ ၉၅ ပါး ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်