Skip to main content

တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ပြည်မြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၁၈

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဆိပ်သာကျေးရွာရှိ ဆိပ်သာတိုက်နယ်ဆေးရုံ၌ အခြေပြု၍ ကြံခင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၉ ဦး၊ ခွဲစိတ်ရောဂါ ၁၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၇ ဦး၊ ကလေးရောဂါ ၁၆ ဦး၊ အရိုးရောဂါ ၁၄၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၀ ဦး၊ မျက်စိရောဂါ ၁၁၆ ဦးနှင့် သွားရောဂါ ၁၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၅ ဦး၊ မျက်စိခွဲစိတ်လူနာ ၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၂၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၀ ဦး စုစုပေါင်း ၅၅၂ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်တွင် ခွဲစိတ်ကုသပြီးသော မျက်စိဝေဒနာရှင်များအား စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ လာရောက်ဆေးကုသမှုခံယူကြသော ပြည်သူများအား နေ့လယ်စာထမင်းဘူးများကိုလည်းကောင်း အသီးသီးပေးအပ်သည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

ဦးမြင့်စိုး၊ မဲကုန်းကျေးရွာ၊ ကြံခင်းမြို့နယ်

အဘကတော့ နှလုံးရောဂါသည်ဆိုတော့ မောပြီးကြပ်တာပေါ့။ အလုပ်ကလေးနည်းနည်းလုပ်ရင်ကြပ်တယ်။ အဲဒါကြောင့်လာပြတာပါ။ ရွာမှာဆိုရင် ကြံခင်းမြို့ပေါ်သွားပြရတာပါ။ မဲကုန်းနဲ့ဆိတ်သာဆိုတော့ လေးမိုင်လောက်ပဲကွာတာဆိုတော့ နောက်ပြီးဒီမှာက အခမဲ့ပြသရတာဆိုတော့ ပိုပြီးအဆင်ပြေတာပေါ့။ ကျေနပ်တာပေါ့။ အဘတို့ကတောင်သူတွေဆိုတော့ ပေါက်တူးပေါက်၊ တရွင်းထိုးပေါ့။ အဲဒီလိုလုပ်တာဆိုတော့ ငယ်ငယ်တုန်းက မသိသာပေမယ့် အခုလို အသက်အရွယ်ရလာတော့ နာရီဝက်လောက်လုပ်လိုက်ရင်မောတယ်။ မောပြီးအသက်ရှုတွေကြပ်လာတာပေါ့။ အဲလိုဖြစ်လာရင်အလုပ် နားရတယ်။ ဆိုးဆိုးရွားရွားဖြစ်လာရင် ရွာကဆေးခန်းသွားရတာပေါ့။ အလိုပဲနေရတာပေါ့။ အခုဒီမှာ ရွှေပုဇွန်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့နဲ့တွေ့တော့ ပိုပြီးဝမ်းသာတာပေါ့ကွယ်။ ဒီမှာတော့ လွတ်လွတ်လပ်လပ်နဲ့ဆရာဝန်ကြီးတွေ၊ ပါရဂူကြီးတွေနဲ့ပြရတာဆို တော့ပိုပြီးအဆင်ပြေတာပေါ့။ ရွာမှာဆိုတော့ ဆေးမှူးလောက်၊ ဆရာဝန်လောက်နဲ့ပြရတာဆိုတော့ ကွာခြားမှုတော့ရှိတာပေါ့။ တအားကျေးဇူးတင်ပါတယ်။ အခုလိုစီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ အထူးဆေးကုအဖွဲ့မှာပါတဲ့ ဆရာဝန်ကြီးတွေ၊ ပါရဂူတွေ၊ ဆရာတွေ၊ ဆရာမတွေ အားလုံးကိုကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာ ပါတယ်။

ဒေါ်ကြင်ထွေး၊ မဲကုန်းကျေးရွာ၊ ကြံခင်းမြို့နယ်

ခြေထောက်တွေကိုက်၊ ဒူးတွေကိုက်၊ လက်မောင်းတွေကိုက်လို့မနေနိုင်ဘူးဖြစ်နေတယ်။ မျက်စိကလည်းမှုံတုံတုံဖြစ်နေလို့ ဒီမှာနယ်လှည့်အထူးဆေး ကုသရေးအဖွဲ့တွေဆေးခန်းဖွင့်တယ်ဆိုလို့လာပြတာပါ။ ရွာလူကြီးတွေက ပြမယ့်သူတွေစာရင်းယူတယ်လေ။ စာရင်းပေးပြီးလိုက်လာတယ်ပါ။ နေကောင်းတယ်တော့ သိပ်မရှိပါဘူး။ မနည်းကုန်းရုန်းထလာရတာ။ အခုပြလိုက်တော့ ဆေးထိုးပေးတယ်။ သက်သာပါတယ်။ ဆေးခန်းတွေတော့ပြနေရတာဘဲ။ ရွာမှာတော့ ဆေးမှူးရှိပါတယ်။ မနေနိုင်တဲ့အခါရွာက ဆေးမှူးဆီသွားပြလိုက် ဆေးထိုးလိုက်သက်သာရင်အလုပ်လုပ်လိုက်ပေါ့။ ပြန်ဖြစ်ရင်သွားပြလိုက်ပေါ့။ အခုလိုကုသပေးတဲ့ ဆရာဝန်တွေ၊ ဆရာမတွေကိုကျေးဇူးတင်ပါတယ်။ နောက်လည်းလာခဲ့ကြပါ အုံးလို့ပြောချင်ပါတယ်။