Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နည်းပညာတက္ကသိုလ် (တောင်ကြီး) နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (တောင်ကြီး) ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ နည်းပညာတက္ကသိုလ် (တောင်ကြီး) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ တက္ကသိုလ်နှင့် ကျောင်းတို့သို့ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးသည် ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်၊ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာစေရေး၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးအကြီးဆုံးကဏ္ဍမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဆရာ ဆရာမများအနေဖြင့် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများအား မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိစေရန်နှင့် ကျင့်ဝတ်များကို လေးစားလိုက်နာသော နိုင်ငံသားကောင်းများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပြုစုပျိုးထောင်ပေးရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ စက်ပစ္စည်းများ၊ စာကြည့်တိုက်၊ အလုပ်ရုံများ၊ အားကစားကွင်းနှင့် ကျောင်းသား ကျောင်းသူအိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ကရင်မရေတွက် လမ်းဆုံ မိုင်တိုင်အမှတ် (၁၁၂/၄) မှ တောင်ကြီးဆေးတက္ကသိုလ်အနီး AC လမ်းအဆုံး (၁၁၈/၃) အထိလမ်းပိုင်းအား နည်းပညာတက္ကသိုလ် (တောင်ကြီး) မြို့ပြအင်ဂျင်နီယာဌာနမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအဖွဲ့အလိုက် လမ်းတိုင်းတာရေး ဆောင်ရွက်နေသည့် နေရာသို့သွားရောက်၍ တိုင်းတာဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်