နေပြည်တော် နိုဝင်ဘာ ၁၇
ကျန်းမာရေးဝန်ကြီးဌာနသည် အာဆီယံနိုင်ငံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်များ၊ ဆေးသုတေသနနှင့် ဆေပညာလေ့ကျင့်သင်ကြားရေး နယ်ပယ်များတွင် အတွေ့အကြုံဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ ဒေါက်တာ ဒေါ်အေးအေးချစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် မလေးရှားနိုင်ငံ သမားတော်များကောလိပ်၏ နှစ်ပတ်လည်ညီလာခံနှင့် ဆက်စပ်ကျင်းပသော အာဆီယံဆေးကုသမှု ပညာရပ်ဆိုင်ရာ အဖွဲ့အစည်း၏ အစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေး ပထမနေ့တွင် အာဆီယံနိုင်ငံများမှ ဆေးကုသမှုဆိုင်ရာ သမားတော်များအကြား ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအလွန် ဟော်မုန်းဆိုင်ရာရောဂါများ၊ အဆစ်ရောင်ရောဂါများ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ အစရှိသည့်ရောဂါများ ကုသရာတွင် နောက်ဆုံးပေါ်ကုထုံးများ၊ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ ရောဂါကုသမှုအတွေ့ အကြုံများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ယင်းအစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်ထိ သုံးရက်ကျင်းပမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးသို့ နိုင်ငံတကာမှ ဆေးကုသမှုဆိုင်ရာ သမားတော်များ တက်ရောက်ကြမည်ဖြစ်ကာ နိုင်ငံများအကြား ဆေးပညာရပ်ဆိုင်ရာအတွေ့အကြုံများ ဖလှယ်ရရှိနိုင်မည်ဖြစ်ပါသဖြင့် မိမိနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအတွက် များစွာအထောက်အကူ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့်အတူ ပူးပေါင်းလုပ်ကိုင်နေသူများကိုလည်း အတွေ့အကြုံကောင်းများ ပြန်လည်မျှဝေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
