နေပြည်တော် နိုဝင်ဘာ ၁၇
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
ရှင်းလင်းတင်ပြ
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဌာန၏လုပ်ငန်းဆောင်ရွက်မှုများ အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်စွက်ဆွေးနွေးသည်။
ပေးအပ်ချီးမြှင့်
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၅) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဆုများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး ထူးချွန်စံပြဝန်ထမ်း (အရာထမ်း) ဆု၊ ထူးချွန်စံပြ ဝန်ထမ်း (အမှုထမ်း) ဆု၊ ဝန်ထမ်းအချင်းချင်း အသိအမှတ်ပြုရွေးချယ်သည့် အကောင်းဆုံးဝန်ထမ်းဆုများ၊ ဌာနအလိုက် စံပြဌာနခွဲဆု၊ ဌာနအလိုက် စည်းကမ်းအကောင်းဆုံးဌာနခွဲဆု၊ သန့်ရှင်းသပ်ရပ်မှု အကောင်းဆုံးဌာနခွဲဆု၊ ဌာနအလိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်မှုအကောင်းဆုံး ဌာနခွဲဆုနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ စွမ်းဆောင်ရည်အကောင်းဆုံးရုံးခွဲဆုနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်ခဲ့သည့်သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သည့် ဝန်ထမ်းများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်