နေပြည်တော် နိုဝင်ဘာ ၁၇
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် MEVM စက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်း တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဒက္ခိဏသီရိမြို့နယ်၌ စတုတ္ထနေ့အဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့မှ ကိုယ်စားလှယ်များ၊ ဒိုးနွယ်ကျေးရွာအုပ်စု၊ ကူနှစ်လုံးဆည်စု ကျေးရွာအုပ်စုနှင့် ရွှေခဲအင်း ကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင်စိုး ဝင်းနှင့် တာဝန်ရှိသူများက MEVM စက် တည်ဆောက်ပုံ၊ အသုံးပြုပုံ နည်းလမ်းများနှင့် စက်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ သိရှိနားလည်ပြီး ကောင်းမွန်စွာ အသုံးပြုဆောင်ရွက်နိုင်သည်အထိ ရှင်းလင်းကာ လက်တွေ့သရုပ်ပြသကြသည်။
ထို့နောက် လက်တွေ့စမ်းသပ် မဲပေးခြင်းများဆောင်ရွက်ရာ မဲဆန္ဒရှင်ပြည်သူများက မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit)ကို စနစ်တကျ ကိုင်တွယ်နိုင်ပြီး မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များ တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန် မမှန် စိစစ်ခြင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
