Skip to main content

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ ငွေကျပ်သိန်း ၂၈၀၀ ကျော် တန်ဖိုးရှိ တရားမဝင်သယ်ဆောင်လာသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ တရားမဝင် သယ်ဆောင်လာသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် ည ၉ နာရီက မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ထုံးဘိုကျေးရွာ အနီးတွင် မြစ်ငယ်မှ အုန်းချောဘက်သို့ ဇင်မင်းထွန်း မောင်းနှင်လာသော Nissan Diesel ၁၂ ဘီး ယာဉ်နှင့် ချမ်းသူ မောင်းနှင်၍ ထွန်းလင်း လိုက်ပါလာသော Hino Profia ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါ ယာဉ်နှစ်စီးပေါ်တွင် ပီပါ ၁၄၂ လုံး၊ ပလတ်စတစ်ကော်ပုံး ၃၆ ပုံး တို့ဖြင့်ထည့်လျက် တရားမဝင် သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတု ပစ္စည်း Hydrochloric Acid လီတာ ၃၆၀၊ Sulphuric Acid လီတာ ၇၂၀ နှင့် အခြားဓာတုပစ္စည်းများဖြစ်သည့် Benzene လီတာ ၁၃၆၈၀၊ Ethyl Acetate လီတာ ၁၁၅၂၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဓာတုပစ္စည်းများအား မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ မူးယစ်ဆေးဝါး ထုတ်လုပ်ရန် သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်