နေပြည်တော် နိုဝင်ဘာ ၁၇
(၃၄) နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာ အဖွဲ့နာယက၊ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ကလေးသူငယ်များနှင့်မိဘများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်အဖြစ် ပြဋ္ဌာန်းခဲ့သည့် နိုဝင်ဘာ ၂၀ ရက်ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားများ ကျင်းပလျက်ရှိကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ပိုမိုရရှိလာစေရေးအတွက် ကလေးများနှင့်သက်ဆိုင်သည့် အခန်းကဏ္ဍအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ တာဝန်ယူခြင်းဖြင့် ကလေးသူငယ်အခွင့်အရေးများကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက် ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှု အခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီး လူသားစွမ်းအားစုများကို မှန်ကန်စွာပြုစုပျိုးထောင်ပေးနိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်များကို နည်းမှန်လမ်းမှန် စနစ်တကျပြုစုစောင့်ရှောက်မှုပေးခြင်းဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေပြီး အရည်အသွေးမြင့်မားလာစေကာ အနာဂတ်အတွက် ကောင်းမွန်သည့် အခြေခံအုတ်မြစ်များ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် နေပြည်တော် ကလေးပြုစုရေးဌာနနှင့် မူလတန်းကြိုကျောင်းများဖြစ်ကြသည့် ရင်သွေးရတနာ မူလတန်းကြိုကျောင်း၊ တော်ဝင်ရတနာ မူလတန်းကြိုကျောင်း၊ သီရိရတနာ မူလတန်းကြိုကျောင်း၊ ဒက္ခိဏသီရိ မူလတန်းကြိုကျောင်း၊ လွှတ်တော်မူလတန်းကြိုကျောင်း၊ ဥတ္တရသီရိမူလတန်းကြိုကျောင်း၊ ပျဉ်းမနားမူလတန်းကြိုကျောင်းနှင့် နန်းထိုက်ရတနာ မူလတန်းကြိုကျောင်းတို့မှ သားငယ် သမီးငယ်လေးများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး သားငယ်သမီးငယ်လေးများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
